
နိုဝင်ဘာလ ၁၀ ရက်။
ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအကြား နောက်ဆုံးဝင်ပေါက် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ယောနယ်စပ် မင်းတပ်မြို့နယ်ထဲက ရွှေအောင်သာရွာကို စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိန်းချုပ်လိုက်တယ်လို့ CDM ဗိုလ်ကြီး ကိုဇင်ယော်ကပြောပါတယ်။
ထီးလင်း၊ ဂန့်ဂေါ – ကျောက်ထုလမ်းကြောင်းပေါ်မှာရှိတဲ့ ရွှေအောင်သာရွာဟာ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်သွယ်ရေး (တောလမ်း) ဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါး ရရှိဖို့ အရေးပါတဲ့ နေရာလည်း ဖြစ်တယ်လို့ CDM ဗိုလ်ကြီး ကိုဇင်ယော်က ပြောပါတယ်။
“ရွှေအောင်သာရွာကို စစ်တပ်က တပ်ဖြန့်နေရာယူလိုက်ပြီ ထိန်းချုပ်လိုက်ပြီလို့ ပြောလို့ရတယ် ရွှအောင်သာနေရာက မင်းတပ်မြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိတာပေါ့နော် ထီးလင်း ၊ ဂန့်ဂေါ ကျောက်ထုလမ်းကြောင်းပေါ်မှာ ရှိတာပေါ့နော် အဲဒီတော့ မကွေးနဲ့ ချင်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်သွယ်ရေးလမ်း(တောလမ်း) မင်းတပ် ၊ ကန်ပက်လက်တွေကို ပိတ်ထားတဲ့အတွက် ရွှေအောင်သာရွာဘက်ကနေ မကွေးတိုင်းထဲက ရိက္ခာ၊ ဆေးဝါးတွေ ဖြတ်သန်းနေတဲ့ နေရာပေါ့ အဲတော့ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ရဲ့နောက်ဆုံးဝင်ပေါက်ကို ထပ်ပြီးတော့ ပိတ်ဆို့ဖြတ်တောက်ခံလိုက်ရတဲ့ အနေထားမျိုးဖြစ်သွားတယ်” လို့ CDM ဗိုလ်ကြီး ကိုဇင်ယော်က ပြောပါတယ်။
ချင်းပြည်ကုန်သွယ်ရေးကို ပိတ်ဆို့ဖို့ ချင်း / မကွေးနယ်စပ်က ရွှေအောင်သာရွာကို သိမ်းပိုက်ဖို့ ပြင်တဲ့ စစ်ကောင်စီ စစ်ကြောင်းကိုလည်း ရွှေအောင်သာရွာ မရောက်ခင် ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဆီးကြိုတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ချင်းပြည်သူ့တပ်မတော် အတွင်းရေးမှူး ဆလိုင်းယောမာန်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့တုန်းကပြောပါတယ်။
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်၊ ရွှေအောင်သာ၊ ကျင်ဒွေး စတဲ့ စစ်မျက်နှာ (၄) ခုကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကစလို့ ထိုးစစ်ဆင်နေပေမယ့် မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေး စစ်မျက်နှာမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေရပြီး မင်းတပ်မြို့ကိုတော့ ကျောက်ထုကနေ အင်အား ၃၀၀ လောက် ထပ်မံဖြည့်တင်းတာတွေ ရှိနေတဲ့ အခြေအနေမှာ ရှိတယ်လို့လည်း CDM ဗိုလ်ကြီး ကိုဇင်ယော်က ပြောပါတယ်။

