
နိုဝင်ဘာလ ၁၁ ရက်။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ဇိုဖေရမ်ဒေသမှာ မနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ တောလိုက်ထွက်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် Pu Abraham@Teba ကို တောလိုက်ဖော်က တောကောင်နဲ့ မှားပြီး သေနတ်နဲ့ ပစ်ခတ်မိလို့ ကွယ်လွန်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ထန်တလန်ဘက်က ဒေသခံတစ်ဦးက “လူဘယ်နှစ်ယောက် တောလိုက်ထွက်ကြတာလဲတော့ မသိဘူး သူတို့တောထွက်တာက မနေ့ ညနေပိုင်းဆိုပြီးလို့တော့ သိရတယ် တောလိုက်ဖော်က တောကောင်နဲ့ မှားပစ်မိလို့ သေဆုံးတယ်လို့ သိရတယ်” လို့ပြောပါတယ်။
သေဆုံးသူ Pu Abraham@Teba ကို တောလိုက်ဖော်က တောကောင်နဲ့မှားပြီး ရင်ဘတ်ကို သေနတ်နဲ့ ပစ်ခတ်မိချိန် ကျေးရွာဘက်ကို ပြန်သယ်လာခဲ့ပေမယ့် တောနဲ့ ရွာအကြား အရမ်းဝေးကွာလို့ လမ်းခရီးမှာဘဲ ဒဏ်ရာနဲ့ Pu Abraham@Teba ဟာ အသက်ဆုံးရှုံးခဲ့ရတာလို့လည်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၂၈ နှစ်အရွယ် Pu Abraham@Teba ဟာ ထန်တလန်မြို့၊ ကျောင်းရပ်ကွက်မှာ နေထိုင်တဲ့ Pu Van Kung နဲ့ Pi Men Tial တို့ရဲ့ တစ်ဦးတည်းသားဖြစ်ပြီး လက်ရှိမှာ Zephai (B) ကျေးရွာမှာ ဇနီးနဲ့ အသက် တစ်နှစ်အရွယ် သမီးငယ်တို့နဲ့အတူ စစ်ဘေးရှောင် နေထိုင်သူဖြစ်တယ်လို့လည်း သိရပါတယ်။
ကွယ်လွန်သွားတဲ့ Pu Abraham@Teba ရဲ့ ရုပ်အလောင်းကိုလည်း ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ သဂြိုလ်သွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

