
နို၀င်ဘာလ ၄ ရက်။
အမေရိကန် ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက ကွန်ဂရက်လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်မယ့် အနေအထားမျိုး အနိုင်ရရှိသွားပြီးတဲ့နောက် သမ္မတ ဒေါ်နယ်ထရမ့်က သူသာ မဲစာရင်းမှာ ကိုယ်တိုင်ပါဝင်ခဲ့ရင် ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ အပြတ်အသတ် အနိုင်ရမှာဖြစ်တယ်လို့ လူမှုကွန်ရက်ကတစ်ဆင့် တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲ ညပိုင်းမှာပဲ ဒီမိုကရက်တွေဟာ အထက်လွှတ်တော် (Senate) မှာ အရေးပါတဲ့ မဲဆန္ဒနယ်တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး အများစုနေရာကို တရားဝင် ရယူနိုင်ခဲ့သလို၊ အောက်လွှတ်တော် (House) မှာလည်း ရီပတ်ဘလစ်ကန်တွေဆီကနေ အများစုနေရာကို အနိုင်ရရှိသွားပြီလို့ CBS News က အတည်ပြု ကြေညာထားပါတယ်။
အပြိုင်အဆိုင်ကြီးတဲ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဟာ တက္ကဆက်၊ အိုင်အိုဝါ၊ ကန်ဆက်၊ မြောက်ကယ်ရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနားနဲ့ အိုဟိုင်းယိုး ပြည်နယ်တွေက ရီပတ်ဘလစ်ကန် အမတ်နေရာတွေကို အနိုင်ရ (Flip) ခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် ကန်ဆက်ပြည်နယ်မှာ အဒမ် ဟာမေတန် (Adam Hamilton) က ရီပတ်ဘလစ်ကန် အမတ် ရော်ဂျာ မာရှယ် (Roger Marshall) ကို အနိုင်ရခဲ့တဲ့အတွက် ရာစုနှစ်တစ်ခုနီးပါးအတွင်း အဲဒီပြည်နယ်ရဲ့ ပထမဆုံး ဒီမိုကရက် အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့တယ်လို့ Fox News ကဖော်ပြပါတယ်။
တက္ကဆက်ပြည်နယ်မှာလည်း James Talarico က Ken Paxton ကို အနိုင်ရရှိခဲ့သလို၊ အိုဟိုင်းယိုးမှာလည်း Sherrod Brown က အနိုင်ရပြီး အထက်လွှတ်တော်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။
အောက်လွှတ်တော် ရွေးကောက်ပွဲမှာလည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ အီရန်စစ်ပွဲစတဲ့ အကြောင်းရင်းတွေကြောင့် မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု အပြောင်းအလဲဖြစ်ကာ ဒီမိုကရက်တွေက ပင်ဆယ်လ်ဗေးနီးယား၊ အိုင်အိုဝါ၊ နယူးဂျာစီ၊ ဗာဂျီးနီးယားနဲ့ ကင်တပ်ကီ ပြည်နယ်တွေက အရေးပါတဲ့ မဲဆန္ဒနယ်တွေကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် Hakeem Jeffries ဟာ အမေရိကန် သမိုင်းမှာ ပထမဆုံး လူမည်း အောက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) ရွေးကောက်ပွဲတွေမှာလည်း ဒီမိုကရက်တစ်ပါတီက သမိုင်းဝင် အောင်ပွဲတွေ ရရှိခဲ့ပါတယ်။ တက္ကဆက်ပြည်နယ်မှာ ဒီမိုကရက် ကိုယ်စားလှယ် Gina Hinojosa က လက်ရှိ အုပ်ချုပ်ရေးမှူး Greg Abbott ကို အနိုင်ရခဲ့တဲ့အတွက် ဆယ်စုနှစ် ၃ ခုကျော်အတွင်း ပထမဆုံး ဒီမိုကရက် အုပ်ချုပ်ရေးမှူးနဲ့ ပထမဆုံး Latina အမျိုးသမီး အုပ်ချုပ်ရေးမှူး ဖြစ်လာပါတယ်။
အိုဟိုင်းယိုးပြည်နယ်မှာလည်း Amy Acton က ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Vivek Ramaswamy ကို အနိုင်ရရှိခဲ့ပါတယ်။ ထို့အတူ ဝစ္စကွန်းဆင်းပြည်နယ်မှာ David Crowley က ပထမဆုံး လူမည်း အုပ်ချုပ်ရေးမှူးအဖြစ် လည်းကောင်း၊ နယူးမက္ကဆီကိုမှာ Deb Haaland က ပထမဆုံး ဌာနေအမေရိကန် အမျိုးသမီး အုပ်ချုပ်ရေးမှူးအဖြစ် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း နောက်ဆုံးရ သတင်းတွေအရ သိရပါတယ်။
THV11 သတင်းဌာန၏ ဖော်ပြချက်အရ- အထက်လွှတ်တော်မှာ ဒီမိုကရက်တစ်ပါတီက ၅၃ နေရာနဲ့ ရီပတ်ဘလစ်ကန်က ၄၁ နေရာ ရရှိထားပါတယ်။ အောက်လွှတ်တော်မှာတော့ ဒီမိုကရက်တစ်ပါတီက ၂၀၉ နေရာနဲ့ ရီပတ်ဘလစ်ကန်က ၁၂၅ နေရာ အသီးသီး ရရှိထားတယ်လို့ ဆိုပါတယ်။
အမေရိကန်အခြေစိုက် သတင်းဌာနကြီးတွေဖြစ်တဲ့ The Associated Press (AP) နဲ့ CBS News တို့ရဲ့ နောက်ဆုံးဖော်ပြချက်တွေအရ အတိအကျ နေရာအရေအတွက်ကို ဆက်လက်ရေတွက်နေဆဲ ဖြစ်ပေမဲ့၊ အထက်လွှတ်တော် (Senate) ကို ဒီမိုကရက်တစ်ပါတီက အများစုနေရာ ရယူပြီး ထိန်းချုပ်နိုင်သွားပြီလို့ အတည်ပြု ကြေညာထားပါတယ်။

