
အောက်တိုဘာလ ၂၂ ရက်။
မလေးရှားနိုင်ငံမှာ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို နိုင်ငံတစ်ဝန်း အမြစ်မကျန် လိုက်လံဖမ်းဆီး နေရပ်ပြန်ပို့ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးဌာနအပြင် စစ်တပ်အင်အားကိုပါ ပူးပေါင်းအသုံးပြုပြီး အကြီးစား စစ်ဆင်ရေး လုပ်ဆောင်ဖို့ အတိုက်အခံ လွှတ်တော်အမတ်တစ်ဦးက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က ကျင်းပတဲ့ ပါလီမန် အောက်လွှတ်တော် (Dewan Rakyat) ဘတ်ဂျက်ဆိုင်ရာ ဆွေးနွေးပွဲမှာ အဆိုပြု တိုက်တွန်းလိုက်ပါတယ်။
အဆိုပါ တိုက်တွန်းချက်ကို အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ (Perikatan Nasional – PN) ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ Putrajaya မဲဆန္ဒနယ် လွှတ်တော်အမတ် Dr. Mohd Radzi Jidin က အောက်တိုဘာလ ၁၉ ရက် ပါလီမန် အစည်းအဝေးအတွင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။
သူက လက်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနမှာ စစ်ဆေးဖမ်းဆီးရေး ဝန်ထမ်းအင်အား မလုံလောက်ပါက စစ်တပ်မှ တပ်ဖွဲ့ဝင်တွေကိုပါ တာဝန်ပေးသင့်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါ ကာလတုန်းကလို အစိုးရယန္တရား တစ်ခုလုံး ပူးပေါင်းပါဝင်ပြီး နိုင်ငံတစ်ဝန်း ပိတ်ဆို့ရှင်းလင်းတဲ့ ပုံစံမျိုးနဲ့ တရားမဝင် လုပ်သားတွေကို အကြီးအကျယ် ဖမ်းဆီးစစ်ဆေးဖို့ ၎င်းက အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖမ်းဆီးရမိထားသူတွေကိုလည်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေထဲမှာ အချိန်ကြာမြင့်စွာ ထိန်းသိမ်းမထားဘဲ မူရင်းနိုင်ငံတွေဆီ အမြန်ဆုံး ပြန်လည်ပို့ဆောင်ရေး လုပ်ဆောင်ဖို့နဲ့၊ ဒုက္ခသည်အရေး (UNHCR) ဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ယခုထက် ပိုမိုတင်းကျပ်တဲ့ မူဝါဒတွေ ချမှတ်ကိုင်တွယ်ဖို့ လွှတ်တော်မှာ တိုက်တွန်းသွားခဲ့ပါတယ်။
အဆိုပါ ပြောဆိုချက်ဟာ လွှတ်တော်တွင်း အတိုက်အခံ လွှတ်တော်အမတ်တစ်ဦးရဲ့ မူဝါဒဆိုင်ရာ ဆွေးနွေးအကြံပြုချက် အဆင့်သာ ရှိသေးပြီး မလေးရှားအစိုးရဘက်က တရားဝင် အမိန့်ထုတ်ပြန် ဆုံးဖြတ်ထားခြင်း မရှိသေးပေမဲ့၊ အဆိုပါ တိုက်တွန်းချက်ကြောင့် မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် နိုင်ငံခြားသား လုပ်သားထုအကြား စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေပါတယ်။
တစ်ဖက်မှာလည်း မလေးရှားနိုင်ငံက ရွှေ့ပြောင်းလုပ်သားအရေး လှုပ်ရှားသူတွေနဲ့ လွှတ်တော်အမတ်ဟောင်းတွေက အခုလို စစ်တပ်အင်အားသုံး ဖမ်းဆီးဖို့ တောင်းဆိုတာဟာ လူကုန်ကူး ပွဲစားကွန်ရက်တွေနဲ့ လာဘ်ပေးလာဘ်ယူမှုလို အရင်းအမြစ် ပြဿနာတွေကို မဖြေရှင်းဘဲ၊ လူထုထောက်ခံမှု ရရှိစေဖို့အတွက် နိုင်ငံရေးအရ အမြတ်ထုတ် လှုံ့ဆော်တဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ ပြန်လည် ထောက်ပြ ဝေဖန်ထားကြပါတယ်။

