Headlines

လောင်းရှည် – ကျင်ဒွေးလမ်းကြောင်းပေါ်က လှိုင်ဒုတ်ကျေးရွာကို စစ်ကောင်စီက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်

အောက်တိုဘာလ ၂၂ ရက်။

လောင်းရှည် – လှိုင်ဒုတ် – ကျင်ဒွေးလမ်းကြောင်းပေါ်မှာရှိတဲ့ ကန်ပက်လက်မြို့နယ်၊လှိုင်ဒုတ်ကျေးရွာကို အောက်တိုဘာလ ၂၁ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ကောင်စီက အောက်တိုဘာလ ၂၁ ရက်နေ့မှာဘဲ ထုတ်ပြန်ထားပါတယ်။

လက်ရှိစစ်ကောင်စီ သိမ်းပိုက်ထားတဲ့ လောင်းရှည် – ကျင်ဒွေးလမ်းကြောင်းပေါ် ကန်ပက်လက်မြို့နယ်ထဲက လှိုင်ဒုတ်ကျေးရွာဟာ လောင်းရှည်ကနေ ကျင်ဒွေးမြို့ရောက်ဖို့ လမ်းတဝက်တောင် မရှိသေးတဲ့ နေရာဖြစ်တယ်လို့လည်း နယ်မြေအခြေအနေ သိရှိတဲ့ ကန်ပက်လက်ဒေသခံ တစ်ဦးကပြောပါတယ်။

ချင်းပြည်သူ့တပ်မတော်(CPA) အဖွဲ့ဝင် CDF-Kanpalet က တာဝန်ရှိသူတစ်ဦးက “ လှိုင်ဒုတ်က ရွာသစ်၊ ရွာဟောင်းရှိတယ် အခုသူတို့ထုတ်ပြန်တဲ့ဟာက မောချောင်းနဲ့ ကပ်ရပ်က လှိုင်ဒုတ်ရွာဟောင်းကဟာဖြစ်တယ် ကျင်ဒွေးနဲ့တော့ အဝေးကြီးမှာ ရှိပါသေးတယ်” လို့ ပြောပါတယ်။

လှိုင်ဒုတ်ကျေးရွာကို သိမ်းပိုက်ရရှိခဲ့ပြီး လက်ရှိမှာ အဲဒီလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်ဒေသခံ တစ်ဦးက “လှိုင်ဒုတ်က လောင်းရှည်ကနေ ကျင်ဒွေးရောက်ဖို့ လမ်းတဝက်တောင် မရှိသေးဘူး ။ ကျင်ဒွေးရောက်ဖို့ အများကြီးလိုပါသေးတယ် တောအုပ်ကြီးတောင် မရောက်ကြသေးဘူး လှိုင်ဒုတ်က မဆာတွီနဲ့ သုံးမိုင်လောက်ဘဲ ခြားမယ်ထင်တယ် သူနဲ့တော့ နီးတယ်”လို့ပြောပါတယ်။

စစ်ကောင်စီက ကျင်ဒွေးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာလ ၂၆ ရက်နေ့ကစလို့ လောင်းရှည်ကနေ တဆင့် ကျင်ဒွေးမြို့ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေပြီး ချင်းလက်နက်ကိုင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် လက်ရှိမှာ လမ်းမှာ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *