Headlines

ကလေးနဲ့ လူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းစေတာတွေကို ကန့်ကွက်ကြောင်း ချင်းပြည်ပညာရေး(CDM) အဖွဲ့ထုတ်ပြန်

စက်တင်ဘာလ ၂၂ ရက်။

မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကမဆို အသက်မပြည့်သေးတဲ့ ကလေးနှင့် လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းစေခြင်း၊ စစ်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်စေတာ လက်နက်ကိုင်ပဋိပက္ခတွေမှာ အသုံးပြုတာတွေကို ကန့်ကွက်ကြောင်း ချင်းပြည်ပညာရေးစီဒီအမ် ( CDM) အဖွဲ့အစည်းက စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှာ လည်း အာဏာသိမ်းစစ်ကောင်စီကို ခုခုံတိုက်ခိုက်ဖို့ လက်နက်ကိုင်တပ်တွေ ဖွဲ့စည်းကြပြီး တပ်သားခေါ်ယူတာတွေ စုဆောင်းတာတွေလည်း နောက်ပိုင်းနှစ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တပ်သားစုဆောင်းတာတွေ ခံရလို့ အကူအညီတောင်းခံတာမျိုးတွေ နောက်ပိုင်းနှစ်တွေမှာ ခပ်စိပ်စိပ် ကြုံလာရတယ်လို့လည်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေ သူတစ်ဦးက ၎င်းကြုံတွေ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

“ တပ်သားစုဆောင်းခံရလို့ လာပြီး အကူညီတောင်းခံတာမျိုးတွေ ကြုံရတယ် ဒါပေမယ့် ကျနော်တို့ကလည်း ဘာမှတာဝန်ယူ ဖြေရှင်းပေးနိုင်တာမျိုးမရှိဘူးလေ နောက်ပြီး ဒေသတွင်း ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအင်အားစုဘက်ကလည်း သူတို့ချမှတ်ထားတာတွေလည်း ရှိတယ်ပေါ့ ဒါပေမယ့် အသက်မပြည့်ဘဲ စုဆောင်းခံရတာမျိုးတွေ မရှိစေဖို့ အရမ်းသတိထား လုပ်ဆောင်ကြဖို့ လိုအပ်တယ်ပေါ့ ” လို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခု အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ချင်းပြည် ပညာရေးစီဒီအမ် ( CDM) အဖွဲ့အစည်းအနေဖြင့် စစ်ကောင်စီနဲ့ ဆက်သွယ်ပူးပေါင်းနေတဲ့ ကျောင်းတွေ ပညာရေးအဖွဲ့အစည်းတွေ ကျောင်းတွေကို ကန့်ကွက်ပေမယ့် ကျောင်းသူ၊ ကျောင်းသားတွေ ပညာသင်ယူခွင့် လုံခြုံရေးနဲ့ ပညာရေးအခွင့်အရေးတွေကို ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ပဋိပက္ခအခြေအနေတွေမှာ ကျောင်းတွေ နဲ့ ပညာရေးဝန်ထမ်းတွေလုံခြုံရေးဟာ အရေးကြီးကြောင်းကိုလည်း ကုလသမ္မဂ္ဂကလည်း အလေးပေးဖော်ပြထားတဲ့ကြောင်း ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *