
စက်တင်ဘာလ ၁၈ ရက်။
အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေ လိုက်နာဆောင်ရွက်ရမယ့် အချက်တချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ တမူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေး ( ဗဟို) အဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၊ ဇူလိုင်လတွေတုန်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေခဲ့ရာကနေ နေရပ်ဒေသပြန်ရောက်တာ မကြာခင်မှာဘဲ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံ ပြည်သူအများစုက စိုးရိမ်ကြသလို တိုက်ပွဲဖြစ်လာမှာကို စိတ်ဆင်းရဲနေကြတဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။
တမူးမြို့နယ်က ဒေသခံတစ်ဦးက “လက်ရှိဒေသခံတွေက နားစွင့်နေကြတုန်း အခြေအနေမျိုးပါ တချို့ကြတော့လည်း စစ်ရှောင်တာကနေ ပြန်ရောက်တာ မကြာကြသေးတော့ စိတ်ဆင်းရဲတယ်လို့ ပြောကြပါတယ် တိုက်ပွဲတွေပြန်ဖြစ်ကိုလည်း စိုးရိမ်ကြတဲ့ အခြေနေမျိုးပါ” လို့ပြောပါတယ်။
တမူးခရိုင်အတွင်းရှိ အာရှလမ်းမကြီးမြို့နဲ့ ကျေးရွာချင်းဆက်လမ်းတွေ၊ ကျေးရွာချင်းဆက် လမ်းများနဲ့ တောလမ်းတွေ အသုံးပြုသွားလာရာမှာ အထူးသတိပြုသွားလာကြဖို့ ၊ စစ်ကောင်စီနဲ့ ဝေးကွာတဲ့ နေရာတွေမှာသာ နေထိုင်ကြဖို့ နဲ့ စစ်ကောင်စီနဲ့ ချိတ်ဆက်ဆောင်ရွက်တာ ၎င်းတို့ရဲ့ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးခြင်းတွေနဲ့ ပူူးပေါင်းဆောင်ရွက်တာတွေ မပြုလုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ တမူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေး ( ဗဟို) အဖွဲ့ က အသိပေးထုတ်ပြန်ထားပါတယ်။
အခုလိုထုတ်ပြန်တာဟာ ပြည်သူတွေထိခိုက်နစ်နာမှုမရှိစေဖို့ အများပြည်သူကို သိရှိလိုက်နာဆောင်ရွက်ဖို့ အတွက် ထုတ်ပြန်ရတာဖြစ်ပြီး လိုက်နာမှုမရှိရင် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ မြို့နယ်အရေးပေါ် အုပ်ချုပ်ရေး ( ဗဟို) အဖွဲ့က ဆိုပါတယ်။
ကလေး – တမူး လမ်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ ခမ်းပတ် ၊ ကနန်အပါအဝင် အနီးအနားရှိ ကျေးရွာပေါင်း ၅၀ ကျော်က ဒေသခံပြည်သူ အမြောက်အများဟာ အိန္ဒိယနယ်စပ်ဒေသနဲ့ ကလေးမြို့ဖက်တွေကို စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး – တမူးလမ်းကြောင်းကို စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝေဟင် မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

