
စက်တင်ဘာလ ၁ ရက်။
မဏိပူရ်ပြည်နယ်မှာ စက်တင်ဘာလ ၂ ရက်နေ့ စတင်မယ့် ပြည်နယ်လွှတ်တော် အစည်းအဝေးကို တက်ရောက်ခြင်း မပြုဘဲ ရှောင်ရှားကြဖို့ ကူကီးလူထုရဲ့ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Kuki Inpi Manipur (KIM) က ကူကီး-ဇို (Kuki-Zo) လွှတ်တော်အမတ် ၁၀ ဦးစလုံးကို ညွှန်ကြားလိုက်ပါတယ်။
ကူကီးလူထု တောင်းဆိုထားတဲ့ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် မရရှိသေးဘဲနဲ့ လွှတ်တော်အစည်းအဝေး တက်ရောက်တာဟာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်သွားပြီဆိုတဲ့သဘောမျိုး ပြသရာရောက်စေတယ်လို့ ဆိုပါတယ်။
KIM ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကူကီးလူထု တောင်းဆိုထားတဲ့ သီးခြားနိုင်ငံရေး အုပ်ချုပ်ခွင့်ကိစ္စဟာ မပြေလည်သေးဘဲ ကျန်ရှိနေဆဲဖြစ်သလို ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ ပြန်လည်စတင်တာကို ပုံမှန်အခြေအနေ ပြန်ရောက်သွားပြီလို့ မသတ်မှတ်သင့်ကြောင်း ဖော်ပြထားပါတယ်။
ကူကီး-ဇို လွှတ်တော်အမတ်တွေအနေနဲ့ အခုညွှန်ကြားချက်ကို လိုက်နာပြီး လူထုနဲ့အတူ ရပ်တည်ကြောင်း ပြသရမှာဖြစ်သလို၊ အစည်းအဝေးတက်ရောက်တဲ့သူတွေကို လူထုရဲ့ စုပေါင်းနိုင်ငံရေး ရပ်တည်ချက်ကနေ သွေဖည်သွားသူတွေအဖြစ် သတ်မှတ်သွားမယ်လို့ သတိပေးခဲ့ပါတယ်။
“ဒီလို အရေးကြီးတဲ့ အချိန်ကာလမှာ ကူကီး-ဇို လွှတ်တော်အမတ်တွေဟာ ကိုယ့်လူထုနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်ရပါမယ်။ နိုင်ငံရေးအရ ကိုယ်စားပြုမှုဆိုတာ ပြည်သူလူထုရဲ့ နိုင်ငံရေးဆန္ဒနဲ့ သီးခြားခွဲထုတ်လို့ မရပါဘူး” လို့ KIM က ပြောဆိုထားပါတယ်။
ဒါ့အပြင် မဏိပူရ်ပြည်နယ်ရဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်သွားပြီဆိုတဲ့ အထင်အမြင်မျိုး ဖန်တီးဖို့ လွှတ်တော်အစည်းအဝေးကို အသုံးချမယ့် ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို ဆန့်ကျင်ကြောင်းနဲ့ နိုင်ငံရေးအရ ဖြေရှင်းချက် မရမချင်း “ပုံမှန် အခြေအနေ” အဖြစ် ပြန်လည်လည်ပတ်လို့ မရနိုင်ကြောင်း KIM က အခိုင်အမာ ပြောကြားခဲ့ပါတယ်။
အမတ်နေရာ ၆၀ ပါဝင်တဲ့ မဏိပူရ် ပြည်နယ်လွှတ်တော်ထဲမှာ ဒုတိယဝန်ကြီးချုပ် Nemcha Kipgen နဲ့ အခြား BJP ပါတီဝင် လွှတ်တော်အမတ် ၆ ဦး အပါအဝင် ကူကီး-ဇို လူထုကနေ ရွေးကောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး ရှိပါတယ်။
၂၀၂၃ ပဋိပက္ခအတွင်း လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီးနောက် ကူကီးနဲ့ မေတေး လူမျိုးစုနှစ်ခုအကြား နယ်မြေပိုင်းခြားမှု (Geographical Separation) လုံးဝ ဖြစ်ပေါ်သွားခဲ့ပါတယ်။
ပြည်နယ်အစိုးရ၊ ရဲတပ်ဖွဲ့နဲ့ ဥပဒေပြုရေး ယန္တရားတစ်ခုလုံးကို မေတေးအများစုက ချုပ်ကိုင်ထားတဲ့အတွက် ကူကီးလူထုအနေနဲ့ လုံခြုံရေး၊ အသက်အိုးအိမ်နဲ့ နိုင်ငံရေးဆိုင်ရာ အာမခံချက် မရှိတော့ဘဲ ပြည်နယ်အစိုးရအောက်မှာ အတူယှဉ်တွဲ နေထိုင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို သီးခြား နိုင်ငံရေး အုပ်ချုပ်ခွင့်ကို တောင်းဆိုနေတာ ဖြစ်ပါတယ်။
မဏိပူရ်ပြည်နယ် လွှတ်တော်မှာလည်း ပြည်နယ်ကို နယ်မြေပိုင်းခြား ခွဲထုတ်မယ့် ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုမဆို ဆန့်ကျင်ကြောင်း ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။
ဗဟိုအစိုးရဟာ ပြည်နယ်ကို ခွဲမပေးဘဲ လက်ရှိ တောင်တန်းဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးကောင်စီတွေ (Autonomous District Councils – ADCs) ရဲ့ ဘဏ္ဍာရေးနဲ့ အုပ်ချုပ်ရေး လုပ်ပိုင်ခွင့်တွေကို ပိုမိုတိုးမြှင့်ပေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံတွေ ကတစ်ဆင့် အပေးအယူလုပ် ဖြေရှင်းဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်။

