
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ Bukit Jalil ထိန်းသိမ်းရေးစခန်းမှ မိမိဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် လျှောက်ထားတဲ့ မြန်မာနိုင်ငံသား ၄၀ ဦးကို ဩဂုတ် ၂၆ ရက်မှာ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာသံရုံး(ကွာလာလမ်ပူမြို့)မှ ဒီနေ့ ဩဂုတ် ၂၄ ရက်မှာ အသိပေးကြေ ညာထားပါတယ်။
အဆိုပါ မြန်မာနိုင်ငံသားများအား မြန်မာ့လေကြောင်း အမှတ်စဉ် 8M 504 ဖြင့် ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ပြီး သက်ဆိုင်သူများ၏ မိသားစုဝင်များ သိရှိနိုင်ရန် စာရင်းကိုလည်း ဖော်ပြထားပါတယ်။
ထို့ပြင် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ရှိနေသည့် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ တာဝန်ရှိသူများမဟုတ်သည့်သူများက သက်ဆိုင်ရာ မိသားစုဝင်များထံ ငွေကြေးလိမ်လည်တောင်းခံမှုများရှိနေကြောင်း ကာယကံရှင်များထံမှ ပြန်လည်သိရှိရသည်ဟု မြန်မာသံရုံးက အသိပေးထားပါတယ်။
ယင်းကြောင့် ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များနှင့် နီးစပ်ရာအသိုက်အဝန်းများအနေဖြင့် ငွေကြေးလိမ်လည်တောင်းခံမှုများကို သတိပြုဆောင်ရွက်ကြရန် မြန်မာသံရုံး(ကွာလာလမ်ပူမြို့)က အသိပေးနှိုးဆော်ထားပါတယ်။

