

ဩဂုတ်လ ၂၄ ရက်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ စိမ်းညှင်းဝကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့က ဒီကနေ့ဩဂုတ်လ ၂၄ ရက် နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်ပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပလက်ဝမြို့အခြေစိုက် Paletwa Time ရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဟာ ပလက်ဝမြို့နယ် ၊ စိမ်းညှင်းဝကျေးရွာကို ဒီကနေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံးနဲ့ ပေါင် ၃၀၀ ဗုံး ၃ ကြိမ်ကြဲချတိုက်ခိုက်ခဲ့ပြီး ရော့ကတ်သီး ၈ လုံးတို့ဖြင့်လည်း တိုက်ခိုက်ခဲ့ကာ၊အဆိုပါ စစ်ကော်မရှင်လေတပ်ကျဲချတိုက်ခိုက်လိုက်တဲ့ ဗုံးတွေဟာ ရွာဘုန်းကြီးကျောင်း ဓမ္မာရုံအဆောင်ကို ၁ လုံး၊ ရွာအလယ်ကို ၃ လုံးနဲ့ ရွာအဆုံးမှာ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်ဒဏ်ရာရခဲ့တာလို့လည်း သိရပါတယ်။
ပလက်ဝဒေသခံတွေကို ဒီနေ့ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး Chin World Media မှ မေးမြန်းနေဆဲဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဟာ ဒီနေ့ ပလက်ဝမြို့နယ်က လူစည်ကားရာ နေရာတွေကို အကြောင်းမဲ့ လေကြောင်းကနေ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ကလည်း ပလက်ဝမြို့အဝင် ဆိုင်းဘုတ်အနီးကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားအမျိုးသမီးငယ် ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ ပလက်ဝမြို့နယ်အတွင်းကို စစ်ကော်မရှင်တပ်ဖွဲ့က မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လေ့ရှိနေတာလည်းဖြစ်ပါတယ်။

