
ဩဂုတ်လ ၂၆ ရက်။
ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လာမယ့် သြဂုတ်လ ၂၉ ရက်နေ့မှာ ဖလမ်းမြို့ကို ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ အပ်နှံမယ့် အစီအစဉ်ရှိပြီး လူဦးရေ ၃ ထောင်စာအတွက် ပြင်ဆင်ထားတယ်လို့လည်း တာဝန်ရှိသူတွေထံကနေ သိရပါတယ်။
ဖလမ်းမြို့ကို ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ အပ်နှံမယ့် အစီအစဉ်အခမ်းအနားအတွက် ဝတ်သားပိဿာ ၄၀၀ နဲ့ နွားနောက် အကောင်ကြီး တစ်ကောင်တို့ကို ပြင်ဆင်ဆင်ထားတယ်လို့လည်း တာဝန်ရှိသူတွေဘက်က ပြောပါတယ်။
အဆိုပါအစီအစဉ် ဖြစ်မြောက်အဖို့အတွက် ငွေကျပ် သိန်း ၂ ရာ အသုံးပြုမှာဖြစ်ပြီး နေရာဒေသအသီးသီးမှာ ရှိကြတဲ့ ဖလမ်းဒေသခံတွေအနေဖြင့် ငွေကြေးအားဖြင့်လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်လည်းကောင်းပါဝင် ပေးကြဖို့ကိုလည်း တာဝန်ရှိသူတွေဘက်က မေတ္တာရပ်ခံထားပါတယ်။
ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေအပြင် မြို့ခံပြည်သူတချို့လည်း ပြန်လည်ဝင်ရောက်လာကြပြီး ဌာနဆိုင်ရာရုံးတွေ ကျောင်းတွေကိုလည်း ဇွန်လ ၁ ရက်နေ့ကစလို့ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

