Headlines

ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို လူအခွင့်အရေးဆိုင်ရာထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းမှုဆု “ IBA Award ”ချီးမြင့်

ဇူလိုင်လ ၂ ရက်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို အပြည်ပြည်ဆိုင်ရာ ရှေ့နေများအသင်း ( IBA) က ၂၀၂၆ ခုနှစ် ၊ လူ့အခွင့်အရေးဆိုင်ရာ ထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းမှုဆု “ IBA Award for Outstanding Contribution by a Legal Practitioner to Human Right 2026” ကိုချီးမြင်ခဲ့တယ်လို့သိရပါတယ်။

IBA Award ဆုကိုဆွတ်ခူးရရှိတာဟာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေအတွက် ရပ်တည်ပေးတဲ့ ရှေ့နေတွေ နဲ့ အရပ်ဘက်အဖွဲ့အစည်းအားလုံးအတွက် နိုင်ငံတကာက ပေးအပ်တဲ့အသိမှတ်ပြုမှုတစ်ရပ်ဖြစ်တယ်လို့ ဆုဆွတ်ခူးရရှိခဲ့တဲ့ ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက Chin World Media ကိုပြောပါတယ်။

ဆုဆွတ်ခူးရရှိခဲ့တဲ့ ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက“အပြည်ပြည်ဆိုင်ရာရှေ့နေအသသင်းက ပေးအပ်တဲ့ ဆုနဲ့ပတ်သက်ပြီး ကျွန်မအတွက် ဂုဏ်ယူစရာတစ်ခုသာမက ပိုမိုကြီးမားသော တာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ခက်ခဲတဲ့ အခြေအနေများကြားထဲကတရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် မဆုတ်မနစ် မကြောက်မရွံ့ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ရဲဘော်ရဲဘက် ရှေ့နေများ၊ အထူးသဖြင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် ရပ်တည်ပေးသော ရှေ့နေများနှင့် အရပ်ဘက်အဖွဲ့အစည်းများအားလုံးအတွက် နိုင်ငံတကာမှ ပေးအပ်သည့် အသိအမှတ်ပြုမှုတစ်ရပ်ဖြစ်ပါတယ်” လို့ပြောပါတယ်။

၂၀၂၆ ခုနှစ်အတွင်း ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးအနေဖြင့် ရှေ့နေများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs)၊ လူ့အခွင့်အရေးကာကွယ်သူများ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများကို ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ၊ တရားမျှတသောတရားစီရင်ခွင့်၊ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများနှင့် လက်တွေ့ဥပဒေကျင့်သုံးမှုဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များ ပေးအပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ဝန်းက ဥပဒေပညာရှင် ရှေ့နေများနှင့် လစဉ်ဆွေးနွေးပွဲများ ပြုလုပ်ပြီး မြေပြင်တွင် ဖြစ်ပေါ်နေသော ဥပဒေပြောင်းလဲမှုများ၊ တရားစီရင်ရေးအခြေအနေများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လက်တွေ့ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို စုစည်းသုံးသပ်ကာ ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်တွင် ဥပဒေနှင့် မူဝါဒဆိုင်ရာ ဆွေးနွေးမှုများအတွက် အထောက်အကူပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့ တရားမျှတမှုဖော်ဆောင်ရေးအတွက် စိန်ခေါ်မှုတွေဟာ အလွန်ရှုပ်ထွေးပြီး အပြန်အလှန်ဆက်နွယ်နေတယ်လို့လည်း ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ပြောပါတယ်။

“ပထမအနေနဲ့ လုံခြုံရေးအခြေအနေက အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲပါ။ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်တာ၊ သက်သေစုဆောင်းတာနဲ့ ဥပဒေအကူအညီပေးတာတွေကို လုပ်ဆောင်ဖို့ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒုတိယအနေနဲ့ တရားရေးကဏ္ဍမှာလည်း စိန်ခေါ်မှုတွေ ဆက်လက်ရှိနေပါတယ်။ ရှေ့နေတွေ အမှုသည်တွေအတွက် ဥပဒေအရ ကာကွယ်ပေးရာမှာ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အခက်အခဲတွေ၊ တရားရုံးဝင်ရောက်ခွင့်နဲ့ အမှုလိုက်ပါဆောင်ရွက်ရာမှာ ကန့်သတ်ချက်တွေကို ရင်ဆိုင်နေကြရပါတယ်” ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ပြောပါတယ်။

ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့ တရားမျှတမှု ဖော်ဆောင်ရေးတို့အတွက် ကိုယ်ကျိုးစွန့် အားထုတ်ကြိုးပမ်းခဲ့မှုအပေါ် အခုလို နိုင်ငံတကာအဆင့်က အသိမှတ်ပြုဆုချီးမြင့်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *