
ဇူလိုင်လ ၁ ရက်။
အိန္ဒိယ – မြန်မာ နယ်စပ် ကလေး – တမူးလမ်းပေါ်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကနန်ကျေးရွာကို ထပ်မံသိမ်းပိုက်ရရှိပြီလို့ စစ်ကောင်စီက ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပေမယ့် မြေပြင်မှာ အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ခမ်းပတ်မြို့နဲ့ တဆက်တည်းမှာတည်ရှိတဲ့ ကနန်ကျေးရွာကို ခမ်းပတ်မြို့သိမ်းပိုက်ခံရပြီး ရက်ပိုင်းအကြာမှာဘဲ စစ်ကောင်စီက ကနန်ရွာထဲ ပြန်ဝင်ရောက်လာနိုင်တာဖြစ်ပြီး လက်ရှိ နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ကနန်ရွာကို ဝင်လာပြီလို့တော့ ပြောလို့ရတယ် ဒါပေမယ့် နှစ်ဖက်စစ်ဆိုင်နေကြတုန်းပါ တိုက်ပွဲက ဖြစ်နေဆဲအခြေအနေမျိုး စစ်ကောင်စီဘက်က အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး ဝါဒဖြန့်ဖို့အတွက် အလျင်မြန်ရိုက်ပြီးတင်တာမျိုးပါ ” လို့ပြောပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး – တမူး ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီဘက်က ဇွန်လ ၇ ရက်နေ့ကစလို့ စစ်ကြောင်းတွေခွဲပြီး ကလေးမြို့ဘက်နဲ့ တမူးဘက်ကနေ ညှပ်ပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ကိုလည်း စစ်ကောင်စီဘက် ဇွန်လ ၂၀ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုထားပြီး တမူးမြို့ဘက်က ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကလည်း ရန်လင်းဖိုင်ကျေးရွာနဲ့ အနီးတဝိုက်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

