Headlines

ကလေးမြို့တွင်းက စစ်ကောင်စီတွေကို တိုက်ခိုက်တဲ့ ရက်ပေါင်း (၃၀)အတွင်း စစ်ကောင်စီဘက်က (၇) ဦးသေဆုံးပြီး ၃ ဦးဖမ်းဆီးရမိခဲ့တယ်လို့ Kalay UG ထုတ်ပြန်

ဇွန်လ ၁၇ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို ရက်ပေါင်း ၃၀ အတွင်း မိုင်းခွဲတိုက်ခိုက်မှု ပြောက်ကျားဝင်ရောက်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ဒုအရာခံဗိုလ် (၁) ဦး၊ တပ်ကြပ် (၁) ဦး အပါအဝင် (၇) ဦး သေဆုံးခဲ့ပြီး၊ (၃) ဦးအား အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ (Kalay UG) တပ်ဖွဲ့က ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က သေဆုံးတာတွေ အရှင်ဖမ်းဆီးရမိတာတွေအပြင် ထိခိုက်ဒဏ်ရာရခဲ့သူတွေလည်း ရှိခဲ့ပြီး ၎င်းတို့ထံကနေလည်း ကျည်ဆန်တွေနဲ့ လက်ဗစ်ဗုံးများအပါအဝင် ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Kalay UG တပ်ဖွဲ့အနေဖြင့် ရှေ့ဆက်၍လည်း မြို့တွင်းစစ်ဆင်ရေးများကို ခြေသံလုံလုံဖြင့် အထိရောက်ဆုံးနှင့် အကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။

ဒါကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စကစ၏ စစ်ယာဉ်တန်းများနှင့် စစ်ဆေးရေးဂိတ်များအနီး သွားလာလှုပ်ရှားခြင်းတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန်နှင့် အထူးသတိပြု နေထိုင်ပေးကြဖို့ကိုလည်း Kalay UG ဘက်က မေတ္တာရပ်ခံထားပါတယ်။

သတိပေးချက်ကို မလိုက်နာဘဲ သွားလာခြင်းကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုဖြစ်ပွားခဲ့လျှင်လည်း Kalay UG တပ်ဖွဲ့ဘက်က လုံးဝတာဝန်ယူမည်မဟုတ်တဲ့ကြောင်းကိုလည်း ထပ်လောင်းအသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *