
ဇွန်လ ၁၇ ရက်။
ချင်းပြည်နယ်၊မတူပီခရိုင် ဇိုတုန်ဒေသအတွင်းက အဓိကလမ်းမကြီးတွေကို ဖေဖော်ဝါရီလကစလို့ ၄ လကျော်ကြာစက်ယန္တရားတွေနဲ့ လမ်းပြုပြင်တာ ကျပ်သိန်း ၂ ထောင်ကျော် ကုန်ကျခဲ့တယ်လို့ Zotung Federal Council က ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်မိုးရာသီအတွင်းမိုးအဆက်မပြတ်ရွာသွန်းကာ လမ်းအလွန်ပျက်စီးခဲ့ပြီး နွေရာသီမှာ လမ်းပြုပြင်ရာတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်းကြောင့် ရန်ပုံငွေခက်ခဲမှုနှင့်ရင်ဆိုင်ခဲ့ရသော်လည်း မိုးရာသီမရောက်ခင်လမ်းပြုပြင်ရန်လိုအပ်တာကြောင့် ဆက်လက်ပြုပြင်၍ လမ်း ပြုပြင်ထိန်းသိမ်းခြင်းကုန်ကျငွေ ကျပ်သိန်းပေါင်း(၂၀၀၀)ကျော် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။
ဇိုတုန်ဒေသအတွင်းကားလမ်းများကို အသုံးပြုလျက် ကုန်စည်များ သယ်ယူပို့ဆောင်နေကြ သော ကုန်တင်ကားများနှင့် မိဘပြည်သူများအနေဖြင့်လည်း ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများ၏ ကားဘီးများတွင် ချိန်းကြိုးပတ်ကာ မောင်းနှင့်ခြင်းမပြုရန်၊ ကုန်တင်ကားများ ကားအမျိုးအစားအလိုက် တင်ဆောင်ခွင့်ကန့်သတ်ထားသော ပမာဏထက် တန်ပိုတင်ပြီးမောင်းနှင်ခြင်းမပြုရန် ၊လမ်းပျက်စီးမှုသက်သာစေရန် (၁၂)ဘီးနှင့် (၁၀)ဘီး ကားများကို ဇွန်လ(၂၀)ရက်မှ သြဂုတ်လအတွင်း မြေပြန့်မှရမ်းစီးကျေးရွာအထိသာသွားလာရန်။ မိုးများမှုပေါ်မူတည် ကာ(၁၂)ဘီး နှင့်(၁၀)ဘီးကားများသွားလာခွင့်ကိုပြန်လည်ထုတ်ပြန် အသိပေးမယ်လို့ လမ်းစည်းကမ်းနဲ့ပက်သက်ပြီးလည်း ထုတ်ပြန်ထားပါတယ်။
ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ ပုံမှန်သွားလာနိုင်ရေးအတွက် လမ်းပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန် မိဘပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းကူညီ ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

