

ဇွန်လ ၁၆ ရက်။
ဇွန်လ ၉ ရက်နေ့က အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ ကနေ ဘင်္ဂလောမြို့ သွားတဲ့ ရထားပေါ်ကနေ ပြုတ်ကျ သေဆုံးခဲ့တဲ့ တီးတိန်မြို့နယ် လိုင်လိုရွာသား အသက် ၂၇ နှစ် အရွယ် Pa Cin Zen Thang ရဲ့အလောင်း ပြန်လည် ရနိုင်ချေ မရှိဘူးလို့သူ့မိသားစုဝင်များမှ ရွာရှိ နေအိမ်ကနေ ဈာပန အခမ်းအနား ပြုလုပ်ခဲ့အပြီး အလောင်းဟာ ရွာအထိ ပြန်လည် ရောက်ရှိလာတာကြောင့် ဇွန်လ ၁၆ ရက်နေ့မနက်မှာ ဈာပန အစီအစဉ် ထပ်မံ ပြုလုပ်ခဲ့ရကြောင်း သေဆုံးသူရဲ့ ဆွေမျိုးများ ထံမှ သိရှိရ ပါတယ်။
“သေဆုံးသူက ဒေသ အတွင်းမှာ အသိအမှတ်ပြုခံရတဲ့ အဆိုတော် တဦးပါ။ Nau Thang Gualnam လို့ လူသိများပါတယ်။ ပွဲစားတွေ ပြောပြချက် အရ ဇွန်လ ၉ ရက်နေ့မှာ အိုင်ဇောလ်မြို့ ကနေ ဘင်္ဂလောမြို့ သွားတဲ့ ရထားပေါ်ကနေ ပြုတ် ကျ ခဲ့တယ်။ အဲချိန်မှာ တဖက်လမ်း ကနေ ပြောင်းပြန် မောင်းနှင်လာတဲ့ ရထား တစီး ရှိတာကြောင့် အလောင်း ရနိုင်ချေ မရှိဘူး ဆိုပြီး မိသားစုဝင်တွေကို အကြောင်းကြား လာတယ်။ အဲတာကြောင့် ရွာကန ဇွန် ၁၁ နေ့ ညနေ ၂ နာရီမှာ ခရစ်ယာန် ထုံးစံ အတိုင်း ဈာပန အစီအစဉ် ပြုလုပ် ကြတာပါ” လို့ သေဆုံးသူရဲ့ ဆွေမျိုးရင်း ဖြစ်သူကေပြာပါတယ်။
မိသားစု ဆွေမျိုးများမှ အသား အစအန ဖြစ်ဖြစ် ရနိုင် သလောက် ရှာဖွေလိုကြောင်း အိန္ဒိယ နိုင်ငံရှိ Zomi Youth Assiotion-Bangalore နဲ့ အေးဂျင့်များ ထံ အကူအညီ တောင်းကြကြောင်း၊ အဖွဲ့အစည်းများမှ လည်း Pa Cin Zen Thang ပြုတ်ကျရာ နေရာ တဝိုက် ရှိ ဒေသခံများ အကူအညီ ဖြင့် ရှာဖွေ ခဲ့ကြရာ အသက်ရှင်လျက် သတိလစ်နေသည့် အနေအထား ဖြင့် ဇွန်လ ၁၁ ရက်နေ့မှာ တွေ့ရှိ ကြကြောင်း၊ ဒေသခံများမှ နီးစပ်ရာ ဆေးရုံသို့ ပို့ပေးခဲ့သော်လည်း အသက် မကယ်နိုင်တော့ဘဲ သေဆုံးခဲ့ရကြောင်း၊ ဆက်သွယ်ရေး အခက်အခဲ ကြောင့် ဇွန်လ ၁၁ ရက်နေ့ ညနေ ၁၀နာရီ လောက်မှ လိုင်လိုရွာရှိ မိသားစုဝင်များ က အကြောင်းစုံ သိခဲ့ရ ကြောင်း သေဆုံးသူရဲ့ ဆွေမျိုး ထံမှ ဆက်လက် သိရှိရ ပါတယ်။
“ကျွန်တော့်တို့ မိသားစု ဆွေမျိုးတွေရဲ့ ဆန္ဒ အရ အလောင်း ကို မြန်မာပြည် ပို့ပေးဖို့ ZYA Bangalore ကို အကူအညီ ထပ်တောင်းခဲ့တယ်။ သူတို့က အလောင်းထုတ်လို့ ရတာနဲ့ ဒေလီမြို့ကို ပို့ပေးကြတယ်။ ဇွန်လ ၁၃ ရက်နေ့မှာ ဒေလီမြို့ကနေ အိုင်ဇောလ်မြို့ကို လေယာဉ်နဲ့ သယ်ပေးခဲ့တယ်။ ဒေသအတွင်းရှိ ကိုယ့်လူမျိုး အဖွဲ့အစည်း အသီးသီးကလည်း ကူညီပေးကြတယ်။ ဇွန်လ ၁၄ ရက်နေ့ မနက် ၃ နာရီမှာ တီးတိန်မြို့နယ်၊ လိုင်လိုရွာ ရှိ သူ့တို့ နေအိမ်ကို အလောင်း ရောက်ရှိလာခဲ့တယ်။ မနက် ၇ နာရီမှာ ဈာပန အစီအစဉ် ထပ်မံ ပြုလုပ်ပြီး သင်္ဂြုလ် ခဲ့ရတယ်” လို့ သေဆုံးသူရဲ့ အလောင်း သယ်ဆောင် ပုံ နဲ့ ပတ်သက်ပြီး ယင်းမှ ဆက်လက် ရှင်းပြ ခဲ့ပါတယ်။
Pa Cin Zen Thang ဟာ မလေးရှားနိုင်ငံ သို့ ၂၀၁၅ ခုနှစ် တကြိမ် နှင့် ၂၀၂၂ ခုနှစ်တို့တွင် နောက်ထပ် တကြိမ် သွားရောက်ခဲ့သော်လည်း နှစ်ကြိမ် စလုံ ရဲများရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး မြန်မာ နိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း၊ မလေးရှားနိုင်ငံမှ ပြန်လာပြီး နောက်ပိုင်း အိမ်ထောင်ကွဲ ခဲ့ပြီး ၄ နှစ် အရွယ် သမီး ဖြင့် မိဘများ နဲ့ အတူ နေထိုင်သူ ဖြစ်ကြောင်း၊ ယခုတကြိမ် ခရီးထွက်ခဲ့သည်မှာ အိန္ဒိယ နိုင်ငံ ဘင်္ဂလောမြို့မှာ အလုပ်ရှာရန် အတွက် တခြား မြန်မာ နိုင်ငံသား ၁၈ ယောက် နဲ့အတူ သွားခဲ့ခြင်း ဖြစ်ကြောင်း ဆက်လက် သိရှိရ ပါတယ်။
Pa Cin Zen Thang ရဲ့ ရထား မတော်တဆ ဖြစ်မှုနဲ့ ပတ်သက်ပြီး ဝမ်းကွဲ တဦး ဖြစ်သူကတော့ “တာဝန်ယူထားတဲ့ အေးဂျင့်တွေက ကောက် စရာ အသားစ တောင် ကျန်မှာ မဟုတ်ဘူး လို့ လက်လွတ်စပယ် ပြောကြတယ်။ တကယ်တော့ ကျွန်မတို့ မောင်က မတော်တဆ ပြုတ်ကျ ပြီး သုံးရက် အထိ ဘာဆေးကုသမှု၊ ဘာပြုစုမှုမှ မရတာ ရထားလမ်းဘေးမှာ ရှိနေခဲ့တာ။ အဲဒီ အခြေအနေက ကျွန်မတို့ ဆွေမျိုးတွေ အတွက် ဖြေဆည်နိုင်ဖို့ အရမ်းခက်တယ်” လို့ Chin World Media ကို ပြောကြား ခဲ့ပါတယ်။

