
ဇွန်လ ၁၂ ရက်။
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယာယီစွန့်ခွာနေရတဲ့ ဖလမ်းမြို့စစ်ရှောင်ပြည်သူ (၁၀၀) ကျော်ဟာ ဖလမ်းမြို့ကို မနေ့ ဇွန်လ ၁၁ ရက်နေ့က ပြန်လည်ရောက်ရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဟားခါးမြို့ကနေ ဖလမ်းမြို့ကို နေရပ်ပြန်ကြတဲ့ ဖလမ်းမြို့စစ်ရှောင်ပြည်သူတွေကို ဖလမ်းမြို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ မြို့မိမြို့ဖတွေက ထလန်လိုရပ်ကွက်ကနေ ကြိုဆိုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုတန်မြှင့်တင် ဆောင်ရွက်လျက်သလို ဖလမ်းမြို့သူမြို့သားတွေ ဖလမ်းမြို့ကို နေရပ်ပြန်နိုင်ရေးအတွက်လည်း လိုအပ်တဲ့ အကူအညီတွေကို ဖြည့်ဆည်းပေးလျက်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီပြန်လည် ထိန်းချုပ်လိုက်တဲ့ ဖလမ်းမြို့၊ တွန်းဇံမြို့နဲ့ တီးတိန်မြို့တွေအတွက် ပြန်လည်ထူထောင်ရေးပစ္စည်းတွေကို ကလေးမြို့ကနေတဆင့် ပို့ဆောင်ပေးလျက်နေတယ်လို့လည်း စစ်ကောင်စီက မကြာခဏ သတင်းထုတ်ပြန်လေ့ရှိပါတယ်။
ဖလမ်းမြို့ကနေ တခြားဒေသ အသီးသီးကို စစ်ရှောင်နေကြရတဲ့ ဖလမ်းမြို့စစ်ရှောင်ပြည်သူတစ်ချို့ဟာလည်း ဖလမ်းမြို့ကို တဖြည်းဖြည်း ပြန်လာနေကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

