Headlines

ဟားခါး – ထန်တလန် လမ်းကြောင်း ပြန်ထိန်းချုပ်လိုက်ပြီး ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေး ဆောင်ရွက်နေပြီလို့ စစ်ကောင်စီ ထုတ်ပြန်

ဇွန်လ ၁၁ ရက်။

ချင်းပြည်နယ် ဟားခါးမြို့- ထန်တလန်မြို့အကြား ဆက်သွယ်ရေး လမ်းကြောင်းကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ပြီဖြစ်ပြီး ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေး ဆောင်ရွက်နေပြီလို့ စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဟားခါး – ထန်တလန် ကြားက ဆက်သွယ်ရေးလမ်းကြောင်းကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီလို့ သတင်းထုတ်ပြန်ပေမယ့် မြေပြင် အခြေအနေနဲ့ပတ်သက်ပြီး ဘာသတင်းမှ အသေးစိပ်မသိရသေးဘူးလို့ ချင်းအမျိုးသားတပ်ဦး(CNF / CNA )ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကို ပြောပါတယ်။

စစ်ကောင်စီဘက်တော့ နေရပ်စွန့်ခွာ ဒေသခံပြည်သူတွေ မိမိအရပ်ဒေသကို ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနိုင်ရေးနဲ့ မိုင်းအန္တရာယ်ကင်းရှင်းစေဖို့တို့အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပျက်စီးယိုယွင်းသွားတဲ့ အဆောက်အအုံတွေကိုလည်း ဒေသခံတွေနဲ့ ပူးပေါင်းပြီး လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ကျန်းမာရေး၊ ပညာရေး တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။

ဟားခါး – ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းတလျောက်က ချင်းလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ စခန်းတွေကို ဇွန်လ ၄ ရက်နေ့ကစလို့ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့ပြီး ပွိုင့် ၁၉၂၁ စခန်းကိုလည်း ဇွန်လ ၆ ရက်မှာလည်းကောင်း၊ ပွိုင့်၂၀၆၉ တောင်ကုန်းကို ဇွန်လ ၇ ရက်နေ့မှာလည်းကောင်း ၊ တာဝါတိုင်ကုန်းစခန်းကို ဇွန်လ ၈ ရက်နေ့မှာလည်းကောင်း အဆင့်ဆင့်ပြန်သိမ်းပိုက်ခဲ့ပြီး ဇွန်လ ၉ ရက်နေ့မှာ ဟားခါး – ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းတခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

ထန်တလန်မြို့ထဲနေရာအတော်များများနဲ့ဟားခါး – ထန်တလန်ကြားက ဆက်သွယ်ရေးလမ်းကြောင်းကို ချင်းအမျိုးသားတပ်ဦး(CNF / CNA )နဲ့CDFပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကစလို့ သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းက၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ မြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *