
ဇွန်လ ၂ ရက်။
လုံခြုံရေးဆောင်ရွက်နိုင်ဖို့ ဆိုကာ တီးတိန်မြို့နယ် လိုင်တွီးရွာ ကနေ အိန္ဒိယ – မြန်မာနယ်စပ်က ဖလမ်းခရိုင် ရိဒ်ခေါ်ဒါရ်မြို့အကြား လမ်းမကြီးကို အသုံးပြုချိန်ကန့်သတ်ထားခဲ့ရာကနေ ဇွန်လ ၂ ရက်နေ့ကစလို့ ပုံမှန်လမ်းအသုံးပြုချိန်အတိုင်း ဖြတ်သန်းအသွားလာလို့ရပြီလို့ ရိဒ်ခေါ်ဒါရ်မြို့ကိုထိန်းချုပ်ထားတဲ့ CDF – Hualngoram က ထုတ်ပြန်ပါတယ်။
ဇွန်လ ၂ ရက်နေ့ကစလို့ ပုံမှန်လမ်းအသုံးပြုချိန် ( မနက် ၆ နာရီကနေ – ညနေ ၇နာရီ) အတိုင်း ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ CDF – Hualngoram က အသိပေးထုတ်ပြန်ထားပါတယ်။
လုံခြုံရေးလိုအပ်ချက်အရ ထုတ်ပြန်ချက်တွေကို လေးစားလိုက်နာပေးခဲ့ကြတဲ့ လမ်းအသုံးပြုသည့် မိဘပြည်သူတွေအပေါ် အထူးကျေးဇူးတင်ရှိတယ်လို့လည်း CDF – Hualngoram က ဆိုပါတယ်။
အိန္ဒိယ – မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရိဒ်ခေါ်ဒါရ်မြို့ကို ဆက်သွယ်ထားတဲ့ ဖလမ်းမြို့ ၊ တီးတိန်မြို့နယ်က တွန်းဇံမြို့တို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ရိဒ်ခေါ်ဒါရ်မြို့ လုံခြုံရေးအတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြင်ဆင်ခဲ့တာလို့လည်း သိရပါတယ်။
ရိဒ်ခေါ်ဒါရ်မြို့ကို CDF-Hualngoram ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး CDF – Hualngoram က အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။

