
ဇွန်လ ၂ ရက်။
အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံစလုံးအနေဖြင့် မိမိတို့ရဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေတွေမှာ တစ်ဖက်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေမည့် ကိစ္စရပ်များတွင် အလွဲသုံးစားလုပ်ခွင့် လုံးဝပြုမည်မဟုတ်ကြောင်း ၂ နိုင်ငံခေါင်းဆောင်များက အလေးအနက် ပြောကြားခဲ့ကြပြီး၊ အာဏာသိမ်းစစ်ခေါင်းဆောင်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း မြန်မာ့မြေကို အိန္ဒိယ၏ လုံခြုံရေးအကျိုးစီးပွားကို ဆန့်ကျင်သည့်နေရာတွင် အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။
အဆိုပါ ကတိကဝတ်ပြုမှုကို မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ သွားရောက်နေတဲ့ သမ္မတဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံတရားဝင်ခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် တွေ့ဆုံဆွေးနွေးအပြီး ထုတ်ပြန်ခဲ့သည့် နှစ်နိုင်ငံ ပူးတွဲကြေညာချက်တွင် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပါတယ်။
ဆွေးနွေးပွဲအတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအပေါ် အိန္ဒိယနိုင်ငံ၏ ထောက်ခံမှုကို ထပ်လောင်းအတည်ပြုခဲ့သလို၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြပါတယ်။
အထူးသဖြင့် နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများနှင့် တရားမဝင် လှုပ်ရှားမှုများကို နှိမ်နင်းရာတွင် မိမိတို့နိုင်ငံ၏ မြေပြင်ကို အသုံးချပြီး တစ်ဖက်နိုင်ငံအား ရန်ပြုတိုက်ခိုက်ခြင်းမျိုး မရှိစေရဘဲ အပြန်အလှန် လုံခြုံရေးကို အလေးထား စောင့်ရှောက်သွားကြမည်ဟု နှစ်ဖက်စလုံးက သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဦးမင်းအောင်လှိုင်က မြန်မာ့မြေပေါ်တွင် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် မည်သည့်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းကိုမဆို အခြေစိုက်ခွင့်နှင့် လှုပ်ရှားခွင့်ပြုမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား ကတိပြုခဲ့တယ်လို့ သိရပါတယ်။

