

ဖေဖော်ဝါရီလ ၂၀ ရက်။
ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မှာ ဟားခါးမြို့မှာ ချင်းအမျိုးသားနေ့အခမ်းအနားကို CDF – Hakha တပ်ဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ကြောင်း စစ်ကော်မရှင်ထုတ်ပြန်ကာ၊စစ်ကော်မရှင်တပ်ဖွဲ့ပစ်ခတ်ခြင်းကြောင့် လျှပ်စစ်ဌာနဝန်ထမ်းအမျိုးသား ၁ ဦး သေဆုံးကြောင်း ဟားခါးမြို့ခံများထံမှသိရပါတယ်။
(၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်နေသည့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ စုပေါင်းရုံးအား CDF (ဟားခါး)အဖွဲ့နှင့် PDF အဖွဲ့များက ယနေ့နံနက်ပိုင်း၌ FPV Suicide Drone များအသုံးပြု၍ တိုက်ခိုက်ခြင်းဆောင်ရွက်ခဲ့ရာ လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များအား လက်ဦးမှုရယူဟန့်တားနိုင်ခဲ့ကြောင်းအာဏာသိမ်းစစ်ကော်မရှင်က ဒီ နေ့ ဖေ ဖော်ဝါရီ ၂၀ ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။
ယင်းသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အခမ်းအနားကျင်းပနေသည့်နေရာသို့ ကျရောက်ပေါက်ကွဲခြင်းမရှိဘဲ အနီးဝန်းကျင်နေရာများတွင်သာ မြေပြင်ပေါ်သို့ ပျက်ကျပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် Drone ယာဉ်များတွင်ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများအား စနစ်တကျ သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်တွင် လူနှင့်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း အာဏာသိမ်းစစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ ဖေ ဖော်ဝါရီလ ၂၀ ရက်နေ့ မှာ ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက် လျှပ်စစ်ရုံးမှာ တာဝန်ကျကာ နေအိမ်သို့ဆိုင်ကယ်ဖြင့် ပြန်လာတဲ့ လျှပ်စစ်ဌာန ဝန်ထမ်း ၃ ဦးအား လုံခြုံရေးယူထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် စစ်ဆေးမေး မြန်းခြင်းမရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခြင်း ကြောင့် လျှပ်စစ်ဌာနဝန်ထမ်းအမျိုးသား ၁ ဦး သေဆုံးသွား ကြောင်းသိရပါတယ်။
အဆိုပါ သေဆုံးသူအမျိုးသားမှာ အသက် ၃၁ နှစ်အရွယ် လျှပ်စစ်ဝန်ထမ်းဖြစ်ကာ ဖလမ်းမြို့နယ်မှ ဟားခါးမြို့သို့ စစ် ရှောင်ရင်း လာရောက်ခိုလှုံသူဖြစ်တယ်လို့သိရပါတယ်။



