Headlines

မြန်မာနယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးနှင့် မှောင်ခိုကုန်သွယ်မှုများကို တင်းကျပ်စွာနှိမ်နင်းမယ်လို့ မီဇိုရမ်ဝန်ကြီးချုပ် ပြောကြား

ဖေဖော်ဝါရီလ ၁၉ ရက်။

မီဇိုရမ်ပြည်နယ်လွှတ်တော်အတွင်း ဝန်ကြီးချုပ် လာလ်ဒူဟိုးမား (Lalduhoma) က မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ကီလိုမီတာ ၅၁၀ အကွာအဝေးရှိတဲ့ နိုင်ငံတကာနယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ မြန်မာ့ကွမ်းသီးအပါအဝင် တရားမဝင်ကုန်သွယ်မှုတွေကို နှိမ်နင်းဖို့ အစိုးရက ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့တယ်လို့ India Today သတင်းဌာနမှာ ဖေဖော်၀ါရီ ၁၉ ရက်နေ့မှာ ဖော်ပြပါတယ်။

နယ်စပ်နဲ့ ထိစပ်နေတဲ့ Champhai၊ Saitual၊ Lawngtlai၊ Siaha၊ Serchhip နဲ့ Hnahthial စတဲ့ ခရိုင် ၆ ခုမှာ သတင်းအချက်အလက် မျှဝေမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုကောင်းလာစေဖို့အတွက် Assam Rifles၊ စစ်တပ်၊ နယ်ခြားစောင့်တပ် (BSF) နဲ့ အထူးထောက်လှမ်းရေးဌာန (SIB) တို့ ပါဝင်တဲ့ အဓိကကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

အခုလို ဌာနဆိုင်ရာအချင်းချင်း အချိန်နဲ့တစ်ပြေးညီ သတင်းဖလှယ်နိုင်တာကြောင့် စစ်ဆင်ရေးတွေကို ပိုမိုမြန်ဆန်ထိရောက်စေတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ပြည်နယ်အစိုးရဟာ Young Mizo Association (YMA) နဲ့ ပူးပေါင်းပြီး နယ်စပ်ကျေးရွာ ၂၀ ကို ပစ်မှတ်ထားတဲ့ “ဂျေရိခေါ စစ်ဆင်ရေး” ကို စတင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကြောင့် မူးယစ်ဆေးဝါး အဓိကဝင်ပေါက်လို့ ယူဆရတဲ့ ချမ်ဖိုင်းနယ်မြေမှာ မှောင်ခိုဂိုဏ်း အများအပြားကို ဖြိုခွင်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ မှောင်ခိုလမ်းကြောင်းတွေဟာ Saitual ခရိုင်ဘက်ကို ပြောင်းလဲသွားခဲ့တာကြောင့် အခုအခါမှာ ပြည်ထဲရေးဌာနက အဲဒီလမ်းကြောင်းသစ်တွေကို ပိတ်ဆို့ဖို့ လုပ်ဆောင်နေပြီလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း Saitual ခရိုင်၊ Keifang နယ်မြေမှာ ပြည်နယ်ရဲတပ်ဖွဲ့က ဘိန်းဖြူ ၁၅ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တာဟာ မီဇိုရမ်သမိုင်းမှာ တစ်ကြိမ်တည်းနဲ့ အများဆုံးဖမ်းမိတဲ့ စံချိန်ဖြစ်တယ်လို့လည်း သိရပါတယ်။

YMA ရဲ့ ဗဟိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွေဟာ မြို့တော်အိုက်ဇောကို ဇုန် ၁၀ ခု ခွဲခြားပြီး မူးယစ်ဆေးဝါးပြန့်ပွားမှုကို စောင့်ကြည့်တားဆီးနေတယ်လို့ ဝန်ကြီးချုပ်က လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

အခုလို တင်းကျပ်စွာ နှိမ်နင်းနေတာကြောင့် ဈေးကွက်အတွင်း မူးယစ်ဆေးဝါး ရရှိနိုင်မှု နည်းပါးသွားပြီး ဘိန်းဖြူဈေးနှုန်းတွေ မြင့်တက်လာသလို၊ အရောင်းအဝယ်ပြုလုပ်သူတွေက ဆေးဝါးတွေကို တခြားအရာတွေနဲ့ ရောနှောရောင်းချနေတဲ့ အစီရင်ခံစာတွေလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှုး Vijay Kumar Singh ကလည်း ၂၀၂၅-၂၆ ခုနှစ်အတွင်း ရူပီး ၁,၀၄၇ ကုဋေ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်းမှာပဲ ယစ်မျိုးနဲ့ မူးယစ်ဆေးဝါးဌာနက မူးယစ်ဆေးဝါး ၄၈၇ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်သူ ၆၅၂ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *