Headlines

ရွေးကောက်ပွဲအလွန် ချင်းပြည်ကိုမကြာခဏ လေကြောင်းကနေ တိုက်ခိုက်လာတဲ့ စစ်ကော်မရှင်

ရေး – DonBosco

ချင်းပြည်နယ်အတွင်းမှာ စစ်ကော်မရှင်ဟာ နိုင်ငံရေးအရ တရားဝင်မှုရရှိဖို့အတွက် ရွေးကောက်ပွဲကို ပုံစံအမျိုးမျိုးနဲ့ အသုံးချဖို့ ကြိုးစားနေပေမဲ့၊ မြေပြင်မှာတော့ မြေလှန်စနစ် (Scorched Earth Policy) နဲ့ လေကြောင်းဗုံးမိုးတွေကို အရှိန်မြှင့်ပြီး အရပ်သားတွေကိုပါ စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက်နေတာကို တွေ့ရပါတယ်။ ဒီလုပ်ရပ်တွေဟာ မြေပြင်စစ်ရေးမှာ အကြီးအကျယ် အရေးနိမ့်နေတာကို လေကြောင်းအင်အားနဲ့ ဖုံးဖိဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဆိုထားပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ အခုလို လေကြောင်းတိုက်ခိုက်မှုတွေဟာ “စနစ်တကျ လုပ်ဆောင်နေတဲ့ ပုံစံတစ်ခု (Systematic pattern)” ဖြစ်ပြီး၊ အရပ်သားလူထုကို ထိတ်လန့်တုန်လှုပ်စေဖို့ (Terrorize communities) တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အထူးသဖြင့် တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားကျေးရွာတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတာဟာ ချင်းပြည်သူတွေအပေါ် အစုအဖွဲ့အလိုက် အပြစ်ပေးတဲ့ (Collective Punishment) စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုထားကြပါတယ်။

ဘုံရန်သူအား ချင်းတော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းခုခံမှုနှင့် စစ်ကော်မရှင်၏ မြေပြင်အရှုံးများ

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကော်မရှင်ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းကတည်းက တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းများမှ ထုတ်နုတ်စုဖွဲ့ထားတဲ့ တပ်ရင်း ၉ ရင်း၊ အင်အားထောင်ချီ အသုံးပြုပြီး ကလေး-သိုင်းငင်း-ဖလမ်း လမ်းကြောင်းနဲ့ ကလေး-ဝေဘုလ-ဖလမ်း လမ်းကြောင်းနှစ်ခုကနေ အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ ဒီလို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှုကို Chinland Council (CC) အောက်က ချင်းလဲန်းအစိုးရတပ်ဖွဲ့တွေ (စစ်ကြောင်း ၂၊ ၃၊ ၄) နဲ့ ချင်းညီနောင် (Chin Brotherhood – CB) ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ဘုံရန်သူကို အတူတကွ ရွပ်ရွပ်ချွံချွံ ခုခံကာကွယ် တိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်း ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဌာနက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ ဟန်ချက်ညီညီ ပူးပေါင်းခုခံမှုကြောင့် ၄ လတာအတွင်းမှာ စစ်ကော်မရှင်ဘက်က ဗိုလ်မှူးတစ်ဦး အပါအဝင် အရာရှိ ၉ ဦးနဲ့ တပ်သား ၂၀၀ ကျော်အထိ သေဆုံးခဲ့ရသလို၊ လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ မြေပြင်မှာ ရှေ့မတိုးနိုင်ဘဲ အကြီးအကျယ် အထိနာနေတဲ့ စစ်ကော်မရှင်ဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှာ ကလေးမြို့ကနေ Forland ကား ၅ စီးနဲ့ စစ်ကူတွေ ထပ်မံစေလွှတ်နေရသလို၊ တိုက်ပွဲများအတွင်း နောက်ဆုတ်ရတဲ့အခါမှာတော့ Farso ရွာ က ဘုရားကျောင်းနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့ မြေလှန်စနစ်နဲ့ လက်တုံ့ပြန်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

“Double-Tap” နှင့် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ

မြေပြင်စစ်ရေးမှာ အကြီးအကျယ် အထိနာလာတဲ့ စစ်ကော်မရှင်ဟာ ဝေဟင်သာလွန်အင်အားကို အလွန်အကျွံ အသုံးပြုလာနေပြီး ပိုမိုရက်စက်ကြမ်းကြုတ်တဲ့ “Double-tap” နည်းဗျူဟာကိုပါ သုံးစွဲလာတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထောက်ပြပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထန်တလန်မြို့နယ်၊ တလန်ခွါရွာကို တံတားဦးလေတပ်က A-5 တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အရပ်သား ၆ ဦး သေဆုံးပြီး ကျောင်းသား ၄ ဦး အပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာဟာ ပထမတစ်ကြိမ် ဗုံးကြဲပြီးနောက် အဆိုပါနေရာကိုပဲ ဝဲပျံနေခဲ့ပြီး ဒဏ်ရာရသူတွေကို လာရောက်ကယ်ဆယ်သူတွေနဲ့ အရပ်သားတွေကိုပါ ထပ်မံပစ်မှတ်ထားတဲ့ “Double-tap” နည်းဗျူဟာအတိုင်း ဒုတိယတစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မတော်တဆဖြစ်ရပ် မဟုတ်ဘဲ အရပ်သားတွေကို သေကြေပျက်စီးစေဖို့နဲ့ လူထုကို ထိတ်လန့်တုန်လှုပ်စေဖို့ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ CHRO က အတည်ပြုပြောကြားထားပါတယ်။

ဘာသာရေးနှင့် အရပ်ဘက်အဆောက်အအုံများကို စနစ်တကျ ဖျက်ဆီးခြင်း

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ကေလာတိုအတွင်းမှာတင် စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်တစ်ဝှမ်းမှာ ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ အရပ်သားတွေအပေါ် စနစ်တကျ ပစ်မှတ်ထားခြင်းဖြစ်ပြီး မတူပီမြို့နယ် ချင်းပြန့်ရွာက ဘုရားကျောင်း၊ မင်းတပ်မြို့က ဓမ္မာရုံနဲ့ ဖလမ်းမြို့နယ် လင်သဲရွာက ဘုရားကျောင်းတွေ အပါအဝင် ဘာသာရေးအဆောက်အအုံ စုစုပေါင်း ၆ လုံးအထိ ပျက်စီးခဲ့ရပါတယ်။

အထူးသဖြင့် မတူပီမြို့နယ်၊ ချင်းပြန့်ကျေးရွာမှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေချိန် စစ်ကော်မရှင်က လေကြောင်းကနေ ၄ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ ချင်းပြည်သူတွေရဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နဲ့ လူမှုဘဝအခြေခံအုတ်မြစ်တွေကို တိုက်ရိုက်စော်ကားဖျက်ဆီးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်ဝန်းကျင်ရှိတဲ့ ကျောင်းသားကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ဒေသခံ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ အပြင်းအထန် စိုးရိမ်ရသူတွေ များပြားနေသလို ဘုရားကျောင်းအဆောက်အအုံ၊ စာသင်ကျောင်းနဲ့ အရပ်သားနေအိမ်တွေအပြင် ဆီသယ်ယူဆောင်လာတဲ့ ကားတစ်စီးပါ မီးလောင်ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ဟာ အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုသာမက အခြေခံအဆောက်အအုံတွေကိုပါ အလုံးစုံပျက်စီးစေဖို့ ရည်ရွယ်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အဆိုပါ ကာလအတွင်းမှာတင် စာသင်ကျောင်း ၂ ကျောင်း၊ ဆေးရုံ ၁ ရုံနဲ့ အရပ်သားနေအိမ် ၆၀ ကျော်ဟာ လေကြောင်းဗုံးမိုးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ထန်တလန်မြို့နယ် တလန်ခွါရွာ ဖြစ်စဉ်မှာလည်း ကျေးရွာဆေးပေးခန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် ဒါဟာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်ဘက်နေရာတွေ တိုက်ခိုက်ခံရတာပါ။ ဒါဟာ စနစ်တကျ မြေလှန်ဖျက်ဆီးနေတဲ့ စစ်ရာဇဝတ်မှုတွေဖြစ်ကြောင်း ခိုင်မာတဲ့ သက်သေအထောက်အထားတွေက ပြသနေပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လင်းက “ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို တိုက်ရိုက် စော်ကားဖျက်ဆီးနေတာ ဖြစ်ပါတယ်။ ဘုရားကျောင်းတွေ၊ ဓမ္မာရုံတွေကို ပစ်မှတ်ထားတာဟာ ချင်းပြည်သူတွေရဲ့ လူမှုဘဝ ယုံကြည်မှု အခြေခံအုတ်မြစ်တွေကို စနစ်တကျ ဖြိုခွဲဖို့ ကြိုးစားနေတာဖြစ်ပြီး ဒါဟာ တိုက်ဆိုင်မှု မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ လုပ်ရပ်ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ ဒီလိုရက်စက်တဲ့ လေကြောင်းစစ်ဆင်ရေးတွေကို အသက်ဆက်ပေးနေတာကတော့ နိုင်ငံတကာ ပိတ်ဆို့မှုကြားက ရောက်ရှိနေတဲ့ အီရန်နိုင်ငံထုတ် လေယာဉ်ဆီတွေပဲ ဖြစ်တယ်လို့ Reuters က ဖော်ထုတ်ခဲ့ပါတယ်။ Reuters ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဒီလေယာဉ်ဆီတွေဟာ မြန်မာနိုင်ငံကို လျှို့ဝှက်ရောက်ရှိနေပြီး ဘာသာရေးလူမှုအသိုက်အဝန်းတွေကို တိုက်ခိုက်ရာမှာ တိုက်ရိုက်အထောက်အကူပြုနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ လေယာဉ်ဆီ ထောက်ပံ့ရေးလမ်းကြောင်းတွေကို အရေးပေါ် ပိတ်ဆို့ဖို့နဲ့ ကျူးလွန်သူတွေကို နိုင်ငံတကာ တရားစီရင်ရေး ယန္တရားတွေကနေ အရေးယူဖို့ CHRO က တောင်းဆိုထားပါတယ်။

ချင်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ၇ ခုကို စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေး (Martial Law) သက်တမ်းတိုးလိုက်ပြီးနောက်၊ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်ကာ အရပ်သားတွေကို နှိပ်စက်ညှဉ်းပန်းနေတဲ့ လုပ်ရပ်ဟာ သူတို့ရဲ့ မြေပြင်စစ်ရေးအရ ရှုံးနိမ့်နေမှုကို အထင်အရှား မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သုံးသပ်ထားပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အချက်အလက်ခိုင်မာစွာ တည်ရှိနေတဲ့ ဒီစစ်ရာဇဝတ်မှုတွေကို မျက်ကွယ်မပြုဘဲ ထိရောက်တဲ့ အရေးယူမှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေနဲ့ Chinland Council (ချင်းပြည်အစိုးရ) တို့က အလေးအနက် တောင်းဆိုထားကြပါတယ်။

အထူးသဖြင့် စစ်ကော်မရှင်ရဲ့ လေကြောင်းစစ်ဆင်ရေးတွေကို အသက်ဆက်ပေးနေတဲ့ လေယာဉ်ဆီ ထောက်ပံ့ရေးလမ်းကြောင်းတွေကို အရေးပေါ် ပိတ်ဆို့ဖို့နဲ့ ကျူးလွန်သူတွေကို နိုင်ငံတကာ တရားစီရင်ရေး ယန္တရားတွေကနေတစ်ဆင့် အရေးယူပေးဖို့ CHRO က ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ယူကေနိုင်ငံအနေနဲ့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးခေါ်ယူကာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ဒီစစ်ရာဇဝတ်မှုတွေကို ဟန့်တားပေးဖို့ လိုအပ်နေပြီဖြစ်တယ်လို့ အဆိုပါ အဖွဲ့အစည်းတွေက ပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *