
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့အကြား ဒီကနေ့ ဇန်နဝါရီလ ၅ ရက်နေ့မှာလည်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ဖွဲ့ စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိသလို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကျဆုံးတဲ့ရဲဘော်တွေလည်း ရှိတယ်လို့ ဖလမ်းမြို့နယ် အခြေစိုက် ချင်းအမျိုးသားကွယ်ရေးတပ်ဖွဲ့ ( CNO/ CNDF) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။
CNO/ CNDF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “ဒီနေ့လည်း တိုက်ပွဲတော်တော်ပြင်းထန်နေပါတယ် ကျနော်တို့ဘက်က ကျတဲ့ရဲဘော်လည်းရှိတယ် နောက်ပြီး စစ်သုံ့ပန်းဖမ်းဆီးရမိတာတွေရော လက်နက်သိမ်းဆည်းရမိတာတွေလည်းရှိတယ် စစ်သုံ့ပန်း ဘယ်နှယောက် ဖမ်းဆီးရမိတယ် လက်နက်ဘယ်လောက် သိမ်းဆည်းရမိလဲဆိုတာတော့ ကျနော်တို့ အတည်ပြုလို့မရသေးပါဘူး ဒီနေ့ဟာတော့” လို့ပြောပါတယ်။
ဇန်နဝါရီလ ၂ ရက်နေ့ ၃ ရက်နေ့ တိုက်ပွဲအတွင်းမှာလည်း စစ်ကော်မရှင် တပ်သား ၂ ဦးကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးမိခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ဖလမ်းမြို့အနောက်မြောက်နဲ့ အနောက်တောင် ဖလမ်းမြို့ကနေ ၁၃ မိုင်ကနေ ၁၅ မိုင်ကြားက ကျေးရွာတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ လကုန်ပိုင်းနီးပါးကစလို့ စစ်ကော်မရှင်တပ်ဖွဲ့က စစ်ကြောင်းထိုးလာသလို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း တန်ပြန်ထိုးစစ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဟာ ကလေး – သိုင်းငင်းလမ်းနဲ့ ကလေး – ဝေဘူလ တို့ကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး လမ်းတစ်လျှောက်မှာ ချင်းညီနောင်အဖွဲ့(CB) ၊ ချင်းလဲန်းကောင်စီ ( CC) က ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တခြားလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေကပူးပေါင်းပြီး စစ်ကော်မရှင်စစ်ကြောင်းကို ခုခံကာကွယ် တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။

