
ဒီဇင်ဘာလ ၃၀ ရက်။
ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ခွဲ ခန့်မှာ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်၂၆၉ တပ်ရင်းမှ ရမ်းသမ်း ပစ်ခတ် သော လက်နက်ကြီး ကျည်ဟာ တီးတိန်မြို့နယ် ဆဲဇန်ရွာ အတွင်း ကျရောက် ပေါက်ကွဲ ခဲ့တာကြောင့် ကလေးငယ်အမျိုးသား ၁ ဦး သေဆုံး ခဲ့ပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ် လို့ ဒေသခံ များထံမှ သိရှိရပါတယ်။
သေဆုံးသူ ဖြစ်တဲ့ ၈ နှစ် အရွယ် Tg Pau Muan Sang ဟာ ညနေစာ စားပြီး အိမ်ရှေ့ လသာပြင်မှာ ပန်းကန် ဆေးနေစဉ် လက်နက်ကြီး ကျရောက် ထိမှန် ခဲ့ခြင်း ဖြစ်ပြီး ခါးအောက်ပိုင်း ပြတ်သွားကာ ဦးခေါင်းမှာလည်း ကျည်စထိတဲ့ ဒဏ်ရာများ ဖြင့် ပွဲချင်း သေဆုံးခဲ့ခြင်း ဖြစ်တယ်လို့ ဆဲဇန်ရွာသား တဦး က ပြောပြပါတယ်။
“ဒဏ်ရာရတဲ့ လူကတော့ အသက် ၁၄ နှစ် အရွယ် Tg Lian Za Huam ဖြစ်တယ်။ သူလည်း ညနေစာ စား နေတုန်း ထိသွားတာ။ သူ့ကို ထိတော့ သူ့ မိသားစု Sezang-ZYA လူမှုရေးကား ရှိတဲ့ နေရာ အထိ ဆိုင်ကယ် နဲ့ လိုက်ပို့ ပြီး ကားနဲ့ တီးတိန် ပြည်သူ့ ဆေးရုံကို ပို့ကြတယ်။ ဆေးရုံ ရောက်တော့ သူ့ အစ်ကို ရဲ့ လက်မောင်းလည်း ကျည်စ ထိ ပြီး သွေးတွေ ထွက် နေတာ တွေ့ရ တယ်။ နှစ်ယောက် စလုံး မစိုးရိမ် ရပါဘူး။ Tg Lian Za Huam တော့ နက်ဖြန် ကျရင် ခွဲခန်းဝင် ပြီး ကျည်စ ထုတ်ပေး လိမ့်မယ်” လို့ ဒဏ်ရာ ရသူကလေးရဲ့ အခြေအနေကို လည်း ယင်း ရွာသားမှ ဆက်လက် ပြောကြား ခဲ့ ပါတယ်။
သေဆုံးသူ Tg Pau Muan Sang ဟာ မောင်နှမတွေထဲမှာ အငယ်ဆုံးဖြစ်ကြောင်း၊ Grade-1 တက်နေသူ ကျောင်းသား တဦး ဖြစ်ကြောင်း၊ မိသားစု အခြေအနေကြောင့် ၈ နှစ် အရွယ်နဲ့ အိမ်မှုကိစ္စ အတော်များများကို ကို တာဝန်ယူ လုပ်ကိုင်နိုင်ခဲ့သူ တဦး ဖြစ်ကြောင်း ဆက်လက် သိရှိရ ပါတယ်။
“လက်ရှိ မှာတော့ အလောင်းကို ရွာအောက်ပိုင်းက သူ့ အမျိုးအိမ်ကို ပို့ထားခဲ့တယ်။ မနက်ဖြန် ဒီဇင်ဘာ ၃၁ ရက်နေ့ မှာ ဈာပန အစီအစဉ် တွေ ပြုလုပ်ဖို့ စီစဉ် ထားတယ်။ ရွာရဲ့ ကုန်းမြင့်ပိုင်း က လူတွေအားလုံးလည်း ရွာအောက်ဘက်ကို ရှောင်ပြေး နေရ ပါတယ်” လို့လည်း ဆဲဇန် ရွာသား ဖြစ်သူ ထံမှ ဆက်လက် သိရှိ ရပါတယ်။
ရွာသားတွေ အနေနဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆဲဇန်ရွာကို ပစ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူး လို့လည်း သိရှိရ ပါတယ်။

