
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ ခွန်လီရွာဘက်ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်တွေအကြားတိုက်ပွဲပြင်းထန်နေပြီး မနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ စစ်သုံ့ပန်း ၄ ဦးအရှင်ဖမ်းဆီးမိတာတွေရှိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိတဲ့ကြောင်း ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO/CNDF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။
CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “စစ်ရေးက တအားတင်းမာနေတဲ့အခြေအနေမှာရှိပါတယ် ခွန်လီဘက်မှာရှိတဲ့သူတွေက မနေ့တနေ့လောက်ကနေ စစ်ကြောင်းအသကုန်ထိုးလာတော့ မနေ့ညက ကျနော်တို့ဘက်ကလည်း ပြန်စစ်ကြောင်းပြန် ထိုးတာတွေရှိတော့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၄ ယောက်ဖမ်းမိတယ် လက်နက်သိမ်းထားတာတွေရှိတယ် ကျဆုံးတာတွေလည်း ၃ ယောက်လောက်ရှိတယ် အခုအဲဒီနေရာကို လက်နက်ကြီးနဲ့ အသကုန် ပြန်ဆော်နေတော့ စစ်ရေးအခြေအနေ တော်တော်တင်းမာတဲ့ အခြေအနေမှာ ရှိပါတယ်”လို့ ပြောပါတယ်။
ဖလမ်းမြို့အနောက်ဘက် ၁၀ မိုင်ကျော်အကွာမှာရှိတဲ့ ခွန်လီတောင်ကြောမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ်ဖွဲ့က စစ်ကြောင်းထိုးလာသလို ချင်းလက်နက်ကိုင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်လည်း တန်ပြန်ထိုးစစ်တွေနှင့် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တာလို့ သိရပါတယ်။
ချင်းလက်နက်ကိုင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ မနေ့ညက တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်ဘက်က စစ်သုံ့ပန်း ၄ ဦး၊ လက်နက်ကြီး ၂ လက်နှင့် ခဲယမ်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဟာ ကလေး – သိုင်းငင်းလမ်း နဲ့ ကလေး – ဝေဘူလ တို့ကနေ စစ်ကြောင်း နှစ်ကြောင်းနဲ့ ဖလမ်းမြို့ကို ဦးတည်စစ်ကြောင်းထိုးနေတာဖြစ်ပြီး ချင်းညီနောင် ( CB) အဖွဲ့ ၊ ချင်းလဲန်းကောင်စီ (CC) က ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တခြားလက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေက စစ်ကော်မရှင် စစ်ကြောင်းကို ခုခံကာကွယ်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။

