Headlines

တီးတိန်မြို့နယ် ဇောင်ကောင်ရွာကို စစ်ကော်မရှင်တပ်မှ တိုက်ခိုက်တာကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံး

နိုဝင်ဘာလ ၂၈ ရက်။

နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၁ နာရီခန့်မှာဖလမ်းဘက်ကို ဦးတည် ချီတက်လာတဲ့ အင်အား ၃၀၀ ကျော်ပါ စစ်ကော်မရှင်တပ်စစ်ကြောင်းက ဖလမ်း-ကလေး လမ်းပေါ်ရှိ တီးတိန်မြို့နယ် ဇောင်ကောင်ရွာ အတွင်းသို့ ဝင်စီး တိုက်ခိုက်ခဲ့တာ ကြောင့် တီးတိန်မြို့နယ် တောင်ပိုင်း ဒေသမှာ အခြေစိုက် စစ်ရေးလှုပ်ရှားတဲ့ ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CDF-CDM-Siyin တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့တယ် လို့ ဒေသစစ်ရေး သတင်း အရင်းအမြစ်ကနေ သိရှိရ ပါတယ်။

“ညဦးဘက်မှာ ဘဲကန့် ဘက်ကနေ တက်လာတဲ့ စကမ စစ်သားတွေရဲ့ စစ်ကြောင်းကို မိုင်းဆွဲတော့ စက် error သွားတယ်။ ရှေ့တန်း တပ်ဖွဲ့လည်း ပြဿနာတက်သွားတယ်။ စကမ စစ်သားတွေက သူတို့ နေရာ သိတော့ ဖိပစ် သွားတယ်။ အဲမှာ သူတို့လည်း ဆုတ်ပြီး ရွာထဲမှာ လူခွဲပြီး ခဏ နားနေကြတယ်။ စကမ စစ်သားတွေက ရွာကို ကွင်းပြီး ချီတက်တဲ့ အဖွဲ့ရယ်၊ လမ်းမ အတိုင်း ချီတက်တဲ့ အဖွဲ့ရယ် နဲ့ မနက် ၁ နာရီ လောက်မှာ ဇောင်ကောင်ရွာကို နေရာစုံ ကနေဝိုင်း ပိတ်ပြီး ဝင်စီး တိုက်ခိုက် သွားခဲ့တယ်”လို့ တိုက်ပွဲ အခြေအနေကို ဒေသ စစ်ရေး သတင်းအရင်းအမြစ်က ပြောပြပါတယ်။

CDF-CDM-Siyin တပ်ဖွဲ့တွေက Chinland Council တပ်ဖွဲ့ဝင်များ နဲ့ လက်တွဲပြီး သိုင်းငင်း၊ ဆွလိန်၊ ဘဲကန့် စသည့် ရွာများကနေ စစ်ကော်မရှင် စစ်ကြောင်းကို ရက်ဆက် ခုခံ တိုက်ခိုက် ကြကြောင်း၊ ဇောင်ကောင်ရွာထဲသို့ စစ်ကော်မရှင် စစ်သားများ ဝင်စီး တိုက်ခိုက်ခဲ့တာကြောင့် အနီးကပ် တိုက်ပွဲ ဖြစ်သွား ကြောင်း၊ ကျဆုံးသူ CDF-CDM-Siyin ရဲဘော် ၄ ဦး ဟာလည်း ခုခံရင်း တနေရာတည်းမှာ ကျဆုံး ခဲ့ရခြင်း ဖြစ်ကြောင်း စစ်ရေး သတင်း အရင်းအမြစ် ထံမှ ဆက်လက် သိရှိရပါတယ်။

“အင်အား ၃၀၀ ကျော်တဲ့ စကမ စစ်ကြောင်း ကို အင်အား ၅၀ လောက်နဲ့ ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေက ခုခံရတာ ဆိုတော့ ရဲဘော်တွေ အတော် ခက်ခဲသွားတယ်။ ပင်မရွာနဲ့ တောင်စွယ် တခု ခြားထားတဲ့ နေရာမှာ အိမ် မှာ ကင်းကျတဲ့ ရဲဘော် ခုနစ်ယောက် ဆိုရင် တောင်ကွယ်တော့ တိုက်ပွဲသံက သူတို့ဘက်က နေ မကြားရဘူး။ စကမ စစ်သားတွေရဲ့ ခြေသံကြားတော့ အဆင့်သင့် ပြင်ဆင်ကြတယ်။ စစ်သားတွေကလည်း တံခါးဖျက်ပြီး အိမ်ထဲကို ဝင်ပစ်သွားတယ်။ အနီးကပ် ပေါ့။ စကမ စစ်သားတွေက သေကြတယ်။ ဒါပေမယ့် မကုန် နိုင်ဘူး။ အင်အားက လုံးဝ မမျှ ခဲ့ဘူး။ ကျဆုံးသွားတဲ့ ရဲဘော် လေးဦး ကလွဲရင် ကျန်တဲ့ တပ်ဖွဲ့တွေတော့ ကောင်းကောင်း နောက်ဆုတ် နိုင်ခဲ့တယ်” လို့လည်း သတင်း အရင်းအမြစ် ထံက ဆက်လက် ပြောကြား ခဲ့ ပါတယ်။

နိုဝင်ဘာလ ၂၇ နေ့ မနက် အစောပိုင်းမှာ ဖြစ်ခဲ့တဲ့ တီးတိန်မြို့နယ် ဇောင်ကောင်ရွာ တိုက်ပွဲ အတွင်း စစ်ကော်မရှင် စစ်သား အနည်းဆုံး ၇ ဦး ကျဆုံးခဲ့သည်ဟု တော်လှန်ရေး တပ်ဖွဲ့ဘက်မှ အတည်ပြု နိုင်ခဲ့ ပြီး ကျဆုံးသွားတဲ့ CDF-CDM-Siyin ရဲဘော် ၄ ဦးရဲ့ အလောင်းကိုမူ စစ်ကော်မရှင် စစ်သားများ ကင်းပုန်း ချနေတဲ့ အတွက် မကောက်နိုင်သေးဘူးလို့ လည်း ထပ်မံ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *