
ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ဝေဘူလမြို့ကြား နဲ့ တီးတိန်မြို့နှင့်ခိုင်ကမ်းမြို့ကြားကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဗိုလ်မှူးကြီးအဆင့်အရာရှိတွေအပါအဝင် ရန်သူအင်အား ၁၀၀ ဝန်းကျင်ကို ချင်းညီနောင် CB မဟာမိတ်နဲ့အတူ ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ Chinland Council ကဖွဲ့စည်းထားတဲ့ချင်းပြည် (Chinland) အစိုးရ ကာကွယ်ရေးဌာနက ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိသော ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ချင်းလဲန်အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) တို့သည် ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကြောင်း (၂) သည် ဖလမ်းမြို့နှင့်ဝေဘူလမြို့အကြားတွင်လည်းကောင်း၊ တီးတိန်မြို့နှင့်ခိုင်ကမ်းမြို့အကြားတွင်လည်းကောင်း Chin National Defense Force (CNDF) ၊ PDF Zoland စသည့် မိတ်ဖက်အဖွဲ့များနှင့် လက်တွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပြီး စစ်ကော်မရှင်တပ်ဖွဲ့ဘက်ကလည်း မနေ့ နိုဝင်ဘာလ ၁၇ ရက်တွင် Fighter Jet ဖြင့် နှစ်ကြိမ်၊ Y-12 ဖြင့် တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဘက်က လေယာဉ်နှင့် ဒရုန်းတို့ကို အားပြုပြီး တိုက်ခိုက်နေပေမယ့် ချင်းလဲန်အစိုးရတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့တွေက ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် အရာရှိများ အပါအဝင် ရန်သူအင်အား ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့သည်။ စစ်သုံ့ပန်းတစ်ချို့ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ချင်းလဲန်အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁) ဟာလည်း ကလေးမြို့နှင့် ဂန့်ဂေါမြို့အကြားတွင် မိတ်ဖက် Vakok PDF အပါအဝင် ကျောင်းသားတပ်မတော် (ABSDF) ၊ PDF ခရိုင်တပ်ရင်းများ၊ ပကဖများ၊ Yaw Defense Force (YDF) စသည့် မဟာမိတ်အဖွဲ့များနှင့် လက်တွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပြီး စစ်ကော်မရှင်တပ်ဖွဲ့ဘက်က နိုဝင်ဘာလ ၆ ရက်တွင် Fighter Jet ဖြင့် လေးကြိမ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် Fighter Jet ဖြင့် ခုနှစ်ကြိမ်၊ Y-12 ဖြင့် တစ်ကြိမ်၊ နိုဝင်ဘာလ ၁၅ ရက်တွင် Fighter Jet ဖြင့် နှစ်ကြိမ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် Fighter Jet ဖြင့် နှစ်ကြိမ်၊ Y-12 ဖြင့် ဗုံးအလုံး ၅၀ ခန့်၊ နိုဝင်ဘာလ ၁၇ ရက်တွင် Fighter Jet ဖြင့် ၄ ကြိမ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ဝေဘူလမြို့ကနေ အင်အားအမြောက်အများနဲ့ ဖလမ်းမြို့ဘက်ကို ဦးတည်စစ်ကြောင်း ထိုးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ချင်းညီနောင် (CB) ၊ ချင်းလဲန်းအစိုးရ (CC) တပ်ဖွဲ့ နဲ့ ချင်းမဟုတ်တဲ့ တခြားအဖွဲ့တွေနှင့်အတူ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

