Headlines

ချင်းပြည်နယ်မှာ အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၇) ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၊၂၅ ဦး ကျော် ထိခိုက်ဒဏ်ရာရခဲ့

နို၀င်ဘာလ ၁၇ ရက်။

ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ လ အတွင်း စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ် အထိပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၇) ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး၊၂၅ ဦး ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းအရေး သုတေသန လုပ်နေတဲ့ ချင်းရေးရာအဖွဲ့ချုပ် ( ICA ) ရဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ စစ်တမ်းတွေအရ သိရပါတယ်။

အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်အတွင်း ဗုံးအလုံးရေ ၂၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့တုန်းကလည်း ကန်ပက်လက်မြို့၊ မြို့မ (၂) ရပ်ကွက်၊ (၁၀) မိုင်ကုန်းမှာ လုပ်တဲ့ မင်္ဂလာဆောင်ပွဲကို စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄ ဦး သေဆုံးခဲ့ရပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ အာဏာသိမ်း စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်ပ ( စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်)မှာ နေထိုင်တဲ့ ချင်းလူမျိုး စုစုပေါင်း ၃၆၆ ဦးသေဆုံးခဲ့ရပြီး ၁,၁၀၀ ကျာ်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လည်း ချင်းအရေး သုတေသန လုပ်နေတဲ့ ချင်းရေးရာအဖွဲ့ချုပ် ( ICA ) က ထုတ်ပြန်ပါတယ်။

လေးနှစ်ခွဲကာလအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်အတွင်း လူနေအိမ် ၁,၁၀၀ ကျော်၊ ဘာသာရေးအဆောက်အဦး ( ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်း) 81 လုံးနှင့် အစိုးရအဆောက်အဦး ၉၀ ကျော် ပျက်စီးခဲ့ရတယ်လို့လည်း ICA ကထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၃၀ ကျော်ထဲမှာ မင်းတပ်မြို့နယ်ကို အကြိမ် ၁၀၀ ကျော်ဖြင့် ချင်းပြည်နယ်အတွင်း လေကြောင်းအတိုက်ခံရမှု အများဆုံးဖြစ်ကာ ချင်းပြည်နယ် ပြင်ပ ( စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ်) ရှိ ချင်းလူမျိုးများ နေထိုင်ရာ ဒေသတွေမှာတော့ အကြိမ် ၈၈ ကြိမ်ကျော်ဖြင့် ဒုတိယ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်တယ်လို့လည်း ICA ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်မရှင်တပ်ဖွဲ့ဟာ ၎င်းတို့ကျင်းပမယ့် ရွေးကောက်ပွဲကာလ နီးလာသထက်နီးလာသည်နှင့်အတူ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း အကြိမ်ကြိမ် ပိုမိုပြုလုပ်လာနေတယ်လို့လည်း ICA က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *