Headlines

ပြင်းထန်ကူးစက်ဝမ်းရောဂါကြောင့် လူ သေဆုံးမှုရှိလာတာကြောင့် အိန္ဒိယ(မီဇိုရမ်) – မြန်မာ(ပလက်၀)နယ်စပ် ဝင်ထွက်သွားလာခွင့် ပိတ်ထားတယ်လို့ သိရ

နို၀င်ဘာလ ၁၄ ရက်။

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာ နိုဝင်ဘာလဆန်းကနေ ပြင်းထန်တဲ့ ကူးစက်ဝမ်းရောဂါဖြစ်ပွားခဲ့ကာ လူသေဆုံးမှုရှိလာတာကြောင့် အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ပလက်ဝအကြားရှိ နယ်စပ်ဝင်ထွက်သွားလာခွင့်ကို နိုဝင်ဘာလ ၁၂ ရက်နေ့ကစလို့ ပလက်၀မြို့နယ်ကိုထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (ULA/ AA )ဘက်က ယာယီ ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

နယ်စပ်မှာ နေထိုင်တဲ့ ပလက်ဝဒေသခံတစ်ဦးက “အခုက ကာကီမှာ ဝမ်းရောဂါကြောင့် သေဆုံးလူနာတွေ ကူးစက်ဖြစ်ပွားမှု များတာတွေကြောင့် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်၊ တွီတင်း၊ ကာကီရွာနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အကြားကို ULA / AA ဘက်က ၁၂ ရက်နေ့ကစလို့ ယာယီပိတ်ထားတယ်လို့ ကြားပါတယ် ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝတိုက်နယ်က ULA/ AA ဂိတ်ဘက်ကနေ ပိတ်တာပေါ့” လို့ပြောပါတယ်။

အာရက္ခတပ်တော် ULA / AA ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝတိုက်နယ်မှာလည်း ဒေသခံတွေနဲ့ ကုန်သည်တွေအပါအဝင် အယောက် ၃၀၀ လောက်ဟာ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါဖြစ်ပွားနေပြီး အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက အရေးပေါ်တုန့်ပြန်ရေးဆေးအဖွဲ့က ပလက်ဝခရိုင်မှ ဒေသအစိုးရအဖွဲ့၊ NGO / CSO တွေနဲ့ ပူးပေါင်းပြီး အရေးပေါ် ဆေးကုပေးတာ ရောဂါမပြန့်ပွားအောင် ထိန်းချုပ်တာတွေ ကြိုတင်ကာကွယ်တာတွေ စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့လည်း ULA/ AA ရဲ့ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ပလက်ဝမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာ၊ တွီဒန်းကျေးရွာ လုံတင်းကျေးရွာတွေက အစပျိုးဖြစ်ပွားလာတဲ့ ပြင်းထန် ဝမ်းပျက်ကူးစက်ရောဂါဟာ ပလက်ဝမြို့နယ် ရှင်းလက်ဝတိုက်နယ် ဒေသခံတွေ နဲ့ ကုန်သည်တွေထံ ကူးစက်ခံရတာလို့လည်း သိရပါတယ်။

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်က ရွာ ၂ မှာ နိုဝင်ဘာလဆန်းကနေ ပြင်းထန်တဲ့ ကူးစက်ဝမ်းရောဂါဖြစ်ပွားခဲ့ပြီး လူ ၆ ဦး သေဆုံးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *