
နိုဝင်ဘာလ ၆ ရက်။
ချင်းပြည်နယ်အတွင်း အာဏာသိမ်း စစ်ကော်မရှင်ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် သူတွေနဲ့ ပတ်သက်ပြီး တားမြစ်ချက် ၈ ချက်ကို ချင်းပြည် (Chinland) ကောင်စီက ဒီကနေ့ နိုဝင်ဘာလ (၆) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တားမြစ်ချက်တွေထဲမှာ စစ်ကော်မရှင်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ချင်းလူမျိုးအမည်ခံ နိုင်ငံရေးပါတီ တည်ထောင်တာ ၊ ချင်းပြည် (Chinland)အတွင်း ပါတီရုံးဖွင့်တာတွေ မပြုလုပ်ဖို့နဲ့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားရင်လည်း ချင်းပြည် (Chinland) ရဲ့ လုပ်ထုံးလုပ်နည်း ကြေညာတဲ့နေ့ကစလို့ နိုင်ငံရေးပါတီဖြစ်ခြင်းမှ အလိုအလျောက် ပျယ်ပြယ်တယ်လို့ မှတ်ယူရမယ်လို့ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်တပ်က ကျင်းပတော့မယ့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ချင်းပြည်နယ်မှ ကိုယ်စာလှယ်လောင်းတွေအနေနဲ့ ချင်းပြည်သူလူထုအတွက် ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘဲ ပြည်သူတွေ အငြိုငြင်မခံရအောင်သာ အရွေးမခံကြဖို့ သာ အသိပေးချင်ကြောင်း ချင်းပြည် (Chinland) ကောင်စီနဲ့ ချင်းအမျိုးသားတပ်ဦး (CNF / CNA )ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကို ပြောပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF / CNA ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “နိုင်ငံရေးမှာ စစ်တပ် တရားဝင်ရပ်တည်ရေး ပံ့ပိုးလက်ခံတဲ့ အားမတန်မာန်လျှော့တဲ့ အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးဆိုပြီး ပြည်သူတွေကို အားမနာ လိမ်နေကြတာပါ။ ပြည်သူတွေ ငြိုငြင်မှု မခံရအောင် အရွေးမခံကြပါနဲ့ ၊ ချင်းပြည်သူ အတွက် ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး” လို့ပြောပါတယ်။
ချင်းပြည် (Chinland) အတွင်း အတုယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တာ ပါတီရုံးဖွင့်လှစ်တာတွေ မပြုလုပ်ဖို့ နဲ့ ဘယ်သူမဆို နိုင်ငံရေးပါတီတစ်ခုခုရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် သော်လည်းကောင်း၊ တသီးပုဂ္ဂလအဖြစ်သော်လည်းကောင်း စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ အတုယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုလုပ်ရဘူးလို့ ချင်းပြည် (Chinland) ကောင်စီက ဆိုပါတယ်။
အလားတူ ချင်းပြည် (Chinland) အတွင်း စစ်ကော်မရှင်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေ ဟောပြောတာတွေ စာတန်းဖြန့်ဝေတာတွေ မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲနဲ့ပက်သက်ပြီး ဘယ်သူမဆို လူမှုကွန်ယက်စာမျက်နှာကနေ ချင်းပြည်သူလူထုကို ရည်ရွယ်ပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေ မပြုလုပ်ဖို့နဲ့ နိုင်ငံအနှံ့ စစ်ဘေးရှောင်နေတဲ့ ချင်းလူမျိုးအရပ်သားပြည်သူတွေကို ဖြစ်စေ ချင်းပြည် (Chinland) အတွင်းရှိ အရပ်သားပြည်သူတွေကို ဖြစ်စေ အတင်းအဓမ္မ ဆန္ဒမဲပေးခိုင်းတာတွေ ခြိမ်းခြောက်တာတွေ မလုပ်ဖို့ စတဲ့ တားမြစ်ချက်တွေ ထုတ်ပြန်ထားပါတယ်။
တားမြစ်ချက်တွေနဲ့ ပတ်သက်ပြီး ဖောက်ဖျက်ကျူးလွန်သူတွေကိုလည်း မြစ်မှုထင်ရှား စီရင်ခြင်းခံရရင် ပိုင်ဆိုင်မှုတွေအားလုံးကို ပြည်သူပိုင် အဖြစ် သိမ်းဆည်းခံရမှာဖြစ်ပြီး ထောင်ဒဏ်ငွေဒဏ် အသီးသီးကိုလည်း ချမှတ်နိုင်တဲ့ကြောင်း ဖော်ပြထားပါတယ်။
၂၀၂၀ ခုနှစ် ၊ နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်ဖြစ်တဲ့ ပြည်သူလူထုရဲ့ လွတ်လပ်စွာဆန္ဒမဲပေးရွေးကောက်တင်မြှောက်ခြင်းကို ဖောက်ဖျက်ပြီး အကြမ်းဖက် အာဏာသိမ်းယူခဲ့ပြီးနောက်ကစလို့ လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကော်မရှင်က ၎င်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူ့ဆန္ဒမပါဘဲ အတုယောင်ရွေးကော်ပွဲကို အပိုင်းလိုက် ကျင်းပပြုလုပ်ဖို့ စီစဉ်လျက်ရှိပြီး ဒါကြောင့် ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၃) မှပေးအပ်တဲ့ လုပ်ပိုင်ခွင့်အရ စစ်ကော်မရှင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးရေးနဲ့ ပြည်သူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ဒီအမိန့်ကြေညာချက်ဖြင့် ထုတ်ပြန်လိုက်ကြောင်း ချင်းပြည် (Chinland) ကောင်စီကဖော်ပြထားပါတယ်။
စစ်ကော်မရှင်ကျင်းပမယ့် ၂၀၂၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်က လွှတ်တော် ၃ ရပ်အတွက် စုစုပေါင်းကိုယ်စားလှယ် နေရာ ၂၈ နေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ခူမီးအမျိုးသားပါတီ တို့မှ ကိုယ်စားလှယ်လောင်း ၈၃ ဦးက ယှဉ်ပြိုင် အရွေးခံကြမှာဖြစ်ပါတယ်။
ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ စစ်ကော်မရှင်ကျင်းပတော့မယ့် ရွေးကောက်ပွဲ ပထမပိုင်းကို ချင်းပြည်နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ဟားခါးမြို့နဲ့ တီးတိန်မြို့တို့မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

