
တီးတိန်မြို့နယ်၊မွာလ်ပီးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းနဲ့ တီးတိန်မြို့နယ်အခြေစိုက်ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF-CDM-Siyin တပ်ဖွဲ့တို့အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၂ နာရီခွဲ က စပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွါးကာ CDF-CDM-Siyin တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ၊ ခံတပ် တစ်ခုကို လည်း လက်လွှတ် လိုက်ရကြောင်း၊တီးတိန်နယ်မှာစစ်ရေးတင်းမာနေကြောင်း၊တီးတိန်မြို့နယ် စီးယင်းဒေသကို အခြေပြု စစ်ရေးလှုပ်ရှားတဲ့ CDF-CDM-Siyin ၏ တာဝန်ရှိသူ တစ်ဦး ထံမှ သိရှိရ ပါတယ်။
“စစ်ကောင်မရှင် စစ်သားတွေက စစ်ကြောင်း လေးခုခွဲပြီး တက်လာတယ်။ မွာလ်ပီးမှာ ရှိတဲ့ ပထမ ခံတပ်ကနေ ခုခံ တိုက်ပွဲ ဖြစ်လာတယ်။ ကျွန်တော်တို့ ဘက်က ရဲဘော်တစ်ဦး ကျဆုံး သွားခဲ့တယ်။ ပထမ ခံတပ်ကို လက်လွှတ်လိုက်ရ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တပ်ဖွဲ့က ဆက်လက် ခုခံ နေဆဲပါ” လို့ စစ်ရေး အရင်းအမြစ် တဦးထံမှ မှ သိရှိရ ပါတယ်။
စစ်ကော်မရှင် စစ်တပ်မှ ကလေးမြို့ကနေ ချင်းတောင်ကို ဦးတည် စစ်ကြောင်းထိုး ချီတက်လာတာကြောင့် ကလေး-သိုင်းငင်း လမ်းမကြီးပေါ်ရှိ စစ်ကော်မရှင်စစ်တပ်နေရာချ ပိတ်ဆို့ထားရာ လမ်းပိုင်းများကို ရှောင်ကွင်းရန် အတွက် ဖောက်လုပ်ထားသော ဆိုင်ကယ်လမ်း (တောလမ်း)များကို CDF-CDM-Siyin မှ အောက်တိုဘာလ ၂၇ ရက်ကစပြီး ခေတ္တ ပိတ်ထားခဲ့ပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့ ည ၁၁ နာရီ ခန့်မှာလည်း တီးတိန်မြို့နယ် သိုင်းငင်းရွာ ကို စစ်ကော်မရှင် လေတပ်မှ လေယာဉ်ဖြင့် ဗုံးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ တလုံး ပေါက်ကွဲ ခဲ့တာကြောင့် ကလေး အမေ အမျိုးသမီး တစ်ဦး ဝမ်းဗိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် တလုံး ပျက်စီးခဲ့ပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့ ကနေ စပြီး တီးတိန်မြို့ ရှိ ၂၆၉ တပ်ရင်းသို့ ရဟတ်ယာဉ်များ အဆက်မပြတ် ဆင်းသက်ခဲ့ပြီး အောက်တိုဘာ လ ၂၉ ရက်နေ့ ညနေ အထိ အကြိမ်ရေ အနည်းဆုံး ၂၇ ကြိမ် ဆင်းသက် ခဲ့ပြီ လို့လည်း တီးတိန်မြို့နေ ပြည်သူများ ထံမှ သိရှိခဲ့ ရပါတယ်။ တီးတိန်မြို့ ဒေသခံ တွေကတော့ အခုလို လေယာဉ် ရက်ဆက် ဆင်းတက်တာဟာ စစ်သား အင်အား နှင့် လက်နက် ဖြည့်တင်းတာ ဖြစ်မယ်လို့ ခန့်မှန်း ထားကြပါတယ်။
ဒါ့အပြင် တီးတိန်မြို့ ၂၆၉ တပ်ရင်း ကနေ အောက်တိုဘာလ ၂၈ နေ့မှာ တွန်းဇံမြို့ဘက်ကို ဦးတည် ထွက်ခွာလာသည့် စစ်သား ၁၀၀ ကျော် ဟာ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ တီးတိန်-တွန်းဇံ လမ်းမကြီး ပေါ်ရှိ မောင်ကင်ရွာ လမ်းခွဲ ကနေ တီးတိန်မြို့ ဘက်ကို လှည့် ပြန်လာခဲ့တယ် လို့လည်း တီးတိန်မြို့နေ ပြည်သူများ ထံမှ သိရှိခဲ့ရ ပါတယ်။
“တွန်းဇံမြို့ နဲ့ အနီးပတ်ဝန်းကျင် က ရွာတွေဆိုရင် ဒီရက်ပိုင်း အတွင်း စစ်ရှောင် ထွက်ပြေး လာကြတာ အများကြီးပဲ။ သူတို့ကတော့ စစ်သားတွေ လမ်းမကြီး အပေါ် ချီတက် နေရာယူတာမျိုး မတွေ့ရဘူး လို့ ပြောတယ်။ နယ်မြေကျွမ်းကျင်သူတွေ ကတော့ ဖြတ်လမ်း၊ တောလမ်း တချို့ကို အသုံးပြု စစ်ကြောင်း ချီတက်တာ ဖြစ်မယ်လို့ ထင်ကြေး ပေးကြတယ်။ ဒီကနေ့မှာတော့ သူတို့ တီးတိန်ကို ပြန်လာကြတယ်” လို့ တီးတိန်မြို့နေ လူငယ်တစ်ဦး က ပြောကြား ခဲ့ပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းမှာ တော့ ၂၆၉ တပ်ရင်းကနေ ကလေးမြို့ဘက် သွားရာလမ်း အတိုင်း စစ်သား ၂၀၀ ခန့် ချီတက်လာခဲ့ ပြီး တီးတိန်မြို့ အလွန် ဆဲဇန်ကျေးရွာ ရှိ စစ်ရှောင်များ၏ နေအိမ် အချို့ကို သော့များ ရိုက်ခွဲပြီး ဝင်ရောက် နေရာ ယူနေတယ်လို့ လည်း ဆဲဇန်ကျေးရွာ နဲ့ အဆက်အသွယ် ရှိသူ တစ်ဦး ထံမှ သိရှိခဲ့ ရပါတယ်။
“ကျွန်တော် ကြားသိ သလောက်ကတော့ ကလေး-တီးတိန် လမ်းမပေါ်ရှိ ရွာတွေ အကုန် စစ်ရှောင် ထွက်ပြေးကြပြီ တဲ့။ ဆူဇန်ရွာ ဆိုရင် တရွာလုံး ရှောင်တိမ်းနေပြီလို့ သိရတယ်” လို့ တီးတိန်မြို့နေ လူငယ် တစ်ဦးက ပြောကြား ခဲ့ ပါတယ်။
တီးတိန်မြို့နယ်ကို အခြေပြု စစ်ရေးလှုပ်ရှားတဲ့ PDF-Zoland တပ်ဖွဲ့ကတော့ စစ်ကော်မရှင်စစ်သားများ ဆဲဇန်ကျေးရွာဘက်ကို ဦးတည် ချီတက်ကြကြောင်း၊ ခိုင်ကမ်း-ပိမ်းပိ-တီးတိန် လမ်းကိုလည်း ပိတ်ထားခဲ့ပြီ ဖြစ်ကြောင်း၊ အများပြည်သူများ အနေဖြင့် ခရီးသွားလာမှုများ ရှိပါက သတိထားကြရန် နှင့် ဖြစ်နိုင်ပါက ခရီးသွားလာခြင်း မပြုဘဲ နေသင့်ကြောင်း သူတို့၏ Facebook စာမျက်မှာမှာ ဖော်ပြထားခဲ့ ပါတယ်။

