
စက်တင်ဘာလ ၆ ရက်။
ချင်းပြည်နယ်၊ထန်တလန်မြို့ပေါ်ကနေ ဟရီဖီး(Hriphi)ကျေးရွာဖက်ကိုစစ်ဘေးရှောင်ကာ ေနထိုင်ခဲ့သူ အသက် (၂၆) နှစ်အရွယ်သာရှိသေးတဲ့ အမျိုးသမီး၁ ဦးဟာ အမွှာပူးကလေး ၃ ဦးမွေးဖွားပြီး နောက်တစ်နေ့မှာ ကလေး၂ ဦး နှင့်အတူ သူမဟာ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ပြီးနာရေးအခမ်းအနားပြုလုပ်ပေးစဥ်အတွင်း နောက်ဆုံးအမွှာကလေးလည်းထပ်မံသေဆုံးခဲ့ကြောင်းသိရပါတယ်။
စစ်ရှောင်မိခင် Pi Mangtha Par ဟာ စက်တင်ဘာလ (၄) ရက်နေ့ညမှာ ကလေးအမွှာပူး သုံး ဦးကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလ (၅) ရက်နေ့မနက်ပိုင်းမှာ မိခင်သေဆုံးသွားခဲ့ပြီးမကြာမီမှာပင် အမွှာပူးကလေးနှစ်ဦးဟာလည်း ရှေ့ဆင့်နောက်ဆင့်သေဆုံးခဲ့ရတာဖြစ်ပါတယ်။
မိခင်နဲ့အတူ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားတဲ့ အမွှာပူးကလေးနှစ်ယောက်ရဲ့ နာရေးအစီအစဥ်ကို ဆောင်ရွက်နေစဥ်အတွင်းမှာပဲ အမွှာပူး (၃) ယောက်မြောက်ဟာလည်း ထပ်မံသေဆုံးခဲ့ရတာဖြစ်ပါတယ်။
သေဆုံးသွားသူမိခင်ဟာ ထန်တလန်မြို့နယ်၊ လုံဒိန်း (Lungding) ကျေးရွာသူဖြစ်ပြီး၊ ထန်တလန်မြို့ပေါ်မှာနေထိုင်သူဖြစ်ပါတယ်။ မြို့ပေါ်တိုက်ပွဲဖြစ်ပွားလာချိန်အတွင်း ထွက်ပြေးတိမ်းရှောင်ပြီး ဟရီဖီး (Hriphi) ရွာသား နဲ့အိမ်ထောင်ကျကာအဆိုပါကျေးရွာမှာပဲ ဆက်လက်စစ်ဘေးတိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။
နာရေးအခမ်းအနားစီစဥ်သူများက သေဆုံးသွားသူမိခင်နဲ့အတူ မွေးကင်းစ ရင်သွေးငယ်သုံးယောက်စလုံးကို သီးသန့်စီအခေါင်းမပြုလုပ်ပေးပဲ အခေါင်းတစ်ခုတည်းမှာပဲ မိခင်နဲ့အတူ မွေးကင်းစကလေးငယ်သုံးဦးကို အတူတကွ မြေမြှုပ်နှံပေးခဲ့ကြပါတယ်။
အဆိုပါကြေကွဲဖွယ်ရာ စစ်ဘေးရှောင်ဘ၀ဖြင့် သားအမိများ သေဆုံးမှုနဲ့ပတ်သက်ပြီး “ကျန်ရစ်သူ ပြည်တွင်း၊ ပြည်ပနေမိတ်ဆွေ၊ ဆွေမျိုးတွေအနေနဲ့ အထူး၀မ်းနည်းကြေကွဲမှုကို ထပ်တူခံစားရပြီး ဘုရားသခင်က နှိပ့်သိမ့်မှုပေးပါစေ” လို့အွန်လိုင်းစာမျက်နှာများမှာ မေတ္တာဆုမွန်များတောင်းပေးကြပါတယ်။
သေဆုံးသွားတဲ့ အမွှာပူးကလေး ၃ ယောက်နဲ့မိခင်မှာ ဖခင်နဲ့ သမီးကြီးကျန်ရစ်ခဲ့ပါတယ်။