

B A Thang
Chin World Media
August 08, 2018
လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကာလ၊ သြဂုတ်လ ကြီးတွင် နှစ်ပေါင်း (၂၆) နှစ်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံအား တပါတီစစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ဗိုလ်နေဝင်း၏ မဆလအစိုးရအား ဖြုတ်ချနိုင်ခဲ့ပြီး၊ ဒီမိုကရေစီအရေးများ တောင်းဆိုခဲ့ကြသည်။ ထိုအချိန်အခါကာလတွင် လှည်းနေမြေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထုသို့ လမ်းမပေါ်သို့ထွက်ရှိခဲ့ကြကာ ၈၈၈၈ လူထုအရေးတော်ပုံကြီးအား ပါဝင်ခဲ့ကြသည်မှာ နှစ်ပေါင်း (၃၀) တိုင်ခဲ့လေပြီဖြစ်သည်။ ၈၈၈၈ အရေးတော်ပုံကြီးနှင့်အတူ ချင်းအမျိုးသားများ၏ လှုပ်ရှားပါဝင်မှုများအားနှင့် စပ်လျှဉ်း၍ ယင်းအချိန်က ဦးဆောင် ပါဝင်ခဲ့ကြသော Pu Nang Lian Thang, Salai Lian Hmung နဲ့ Salai Ngai Sak တို့ကို ဆက်သွယ်ပြီး သူတို့ဖြတ်သန်းခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံကြီးအကြောင်းကို မေးမြန်းထားပါတယ်။
(ဆလိုင်းလျန်မှူန်း (Dr. Salai Lian Sakhong) သည် ၁၉၈၀-၈၁ ပညာသင်နှစ်တွင် ခစယ (ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ-တက္ကသိုလ်များရန်ကုန်)၏ အတွင်းရေးမှူးဖြစ်ခဲ့ပြီး၊ ၈၈၈၈ အရေးတော်ပုံနှင့်အတူ ဖွဲ့စည်းခဲ့သော Chin National Union (CNU) ၏ အတွင်းရေးမှူးအဖြစ် ရန်ကုန်မြို့တော်တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ နောက်ပိုင်း နိုင်ငံရေးပါတီများဖွဲ့စည်းကြရာတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုဥက္ကဌဖြစ်လာခဲ့သည်။ ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေစဉ်ကာလတွင်လည်း ချင်းအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများတွင် တက်ကြွစွာဦးဆောင်ပါဝင်လှုပ်ရှားခဲ့သူလည်းဖြစ်သည်။ ၂၀၀၇ အတွက် Martin Luther King Jr. Award အား ဆွီဒင်နိုင်ငံ၌ ချီးမြှင့်ခြင်းလည်း ခံခဲ့ရသည်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင်လည်း ယနေ့ထက်တိုင် တက်ကြွစွာပါဝင်လှုပ်ရှားလျက်ရှိသည့် ဆလိုင်းလျန်မှူန်းသည် မကြာမီက “နှုတ်ဆက်ခဲ့တယ် အမိတက္ကသိုလ်” အမည်ရှိ ဘဝဖြတ်သန်းမှု စာအုပ်အား ၈၈၈၈ နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သည်။)
(က) ၈၈၈၈ အရေးအခင်းနဲ့ ကျနော်တို့ရဲ့ Poster Campaign
၈၈ ကာလမှာက လူထုတွေရဲ့ ကြွေးကြော်သံတွေ၊ တောင်းဆိုချက်ဆိုင်းဘုတ်တွေက လမ်းမကြီးတွေရဲ့ တဖက်တချက်မှာ ချိတ်ဆွဲထားကြတယ်။ အဲဒီလိုပဲ စစ်တပ်ဘက်ကနေလည်း တန်ပြန်ပိုစတာတွေကို ထောင်တာမျိုးလည်းရှိပါတယ်။
သြဂုတ်လရဲ့ တနင်္ဂနွေတရက်မှာ- ကျနော် ဘုရားကျောင်း (Rangon Chin Baptist Church, RCBC) ကို သွားပါတယ်။ ကျနော်က အဲဒီအချိန်မှာ လူငယ် Sunday School သင်ပါတယ်။ ဆလိုင်းရမ်လိန်မှူန်းက လူကြီး Sunday School သင်ပါတယ်။ အဲဒီနေ့မှာက ဘုရားကျောင်းမှာ လူတအားနည်းတယ်။ ဘာကြောင့်လည်းဆိုတာကို ပြောကြတော့ ပိုစတာတွေထဲမှာ- ဆန္ဒပြနေတဲ့ ကျောင်းသားပြည်သူတွေကို သတ်တာ ချင်းတပ်ဖြစ်တယ်။ ချင်းစစ်သားတွေဖြစ်တယ်။ ဒါကြောင့် ချင်းတွေကို ပြန်သတ်ရမယ်။ စတဲ့စာတွေနဲ့ အကြောင်းအရာတွေ ထွက်နေတာကြောင့် ကြောက်ပြီး အပြင်မထွက်ရဲကြတာဖြစ်တယ်ဆိုပြီး သိရတယ်။ အဲဒီကလာကလည်း ခေါင်းဖြတ်တာတွေ၊ လူသတ်တာတွေ စတာတွေကလည်း ဖြစ်ပေါ်နေတဲ့ အချိန်တွေဖြစ်ပြန်တယ်လေ။ ဒါနဲ့ပဲ ကျနော်နဲ့ ဆလိုင်းရမ်လိန်မှူန်းက မြို့ထဲသွားပြီးတော့ ပိုစတာတွေကိုလိုက်ကြည့်၊ အကြောင်းအရာတွေကိုလိုက်စုံစမ်းတဲ့အခါ အဲဒါရေးတဲ့သူက ဗိုလ်ကြီးအောင်ထွန်းဖြစ်ပြီး၊ သူက အရင်တုန်းက ဗိုလ်မှူးချုပ်အောင်ကြီးရဲ့ ကိုယ်ရေးအရာရှိလုပ်ခဲ့တယ်လို့ သိရတယ်။ အဲဒီတုန်းက ဦးအောင်ကြီးက ဗိုလ်ချုပ်ကြီးနေဝင်းဆီကို စာရေးတဲ့ကိစ္စနဲ့ အရမ်းနာမည်ကြီးနေတဲ့ အချိန်လည်းဖြစ်တယ်။ အဲဒါနဲ့နောက်တနေ့မှာ ဦးအောင်ကြီးအိမ်ကို ကျနော်တို့သွားမေးပြီးတော့ ဟုတ်/မဟုတ်မေးတော့ သူက မဟုတ်ပါဘူးလို့ပြောတယ်။ အဲဒါနဲ့ RCBC Pastor, Rev. Lan Thuan က ပိုစတာတွေပြန်ကပ်ဖို့အတွက် ငွေကြေးစိုက်ထုတ်ပေးတဲ့ဟာနဲ့ ကျနော်တို့တတွေ စာတွေပြန်ရေးပြီးတော့ တမြို့လုံးအနှံ့ပြန်လိုက်ကပ်ကြတာပေါ့။ ချင်းသေနတ်ကိုင်တပ်ရင်းဆိုတာ နာမည်ပဲရှိတော့တယ်။ အဲဒီထဲမှာ ချင်းစစ်သားမရှိတော့ဘူး။ တပ်မတော်ဖွဲ့စည်းပုံပြောင်းပြီးနောက်ပိုင်းမှာ အကုန်ရောကုန်လိုက်တော့ ချင်းစစ်သားတွေမဟုတ်တဲ့အကြောင်း၊ ချင်းစစ်သားတွေပစ်တာ မဟုတ်ပါဘူးဆိုပြီးတော့ပေါ့။ အဲဒီနေ့မှာ ချက်ခြင်းပိုစတာတွေလိုက်ကပ်ကြတာကတော့- ဆလိုင်းရမ်လိန်မှူန်း (ကွယ်လွန်)၊ ဆလိုင်းလျန်မှူန်း၊ Salai Cung Cin (ယခု Canada)၊ Salai Pa Hmun (ယခု Australia)၊ Dr. Pa Suan (မြတ်ပုလဲသွားဆေးခန်း၊ ကလေးမြို့)နဲ့ ဆလိုင်းမိန်နှင်း (ကွယ်လွန်) တို့တတွေဖြစ်ကြပါတယ်။
၈၈ ကာလမှာ ကျနော်တို့ ချင်းလူမျိုးတွေအနေနဲ့ သွေးစည်းညီညွတ်စွာနဲ့ လှုပ်ရှားနိုင်စရာရှိတာတွေလှုပ်ရှားနိုင်အောင်ဆိုပြီး Chin National Solidarity ဆိုပြီးဖွဲ့ဖို့ကို တိုင်ပင်ဆွေးနွေးနေကြနေတုန်းမှာပဲ ဒီလိုချင်းစစ်သားကိစ္စအရေးပေါ်လာတော့ ခပ်သွက်သွက်နဲ့ပဲ Chin National Union (CNU) ဆိုပြီးဖွဲ့စည်းပြီးလှုပ်ရှားလိုက်ကြတယ်။ CNU မှာတော့ ဥက္ကဌက ဦးနန်လျန်ထန်း၊ ဒုဥက္ကဌက ဆလိုင်းရမ်လိန်မှူန်း၊ ကျနော်က အတွင်းရေးမှူးပေါ့။ CNU နဲ့ ဆန္ဒပြပွဲတွေလှုပ်ရှားခဲ့ကြတယ်။ အာဏာသိမ်းတဲ့အထိပေါ့။
(ခ) ကြားဖြတ်အစိုးရဖွဲ့စည်းရေးဖြစ်ရပ်များ။
ဒေါ်စုနဲ့က CNU အနေနဲ့ သွားတွေ့ဖြစ်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီးဟောင်းတင်ဦး၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးတို့နဲ့ တွေ့ပါတယ်။ ဆွေးနွေးတာတွေကတော့ အဲဒီကာလမှာ အဓိကပြောနေကြတဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းမယ့် ကိစ္စအပေါ်မှာ သူတို့ရဲ့ အမြင်၊ လှုပ်ရှားမှုတွေအကြောင်းတွေပါ။ ဦးနုနဲ့ကတော့ မတွေ့ဖြစ်ကြဘူး။ သူနဲ့ကတော့ CNLD ဖွဲ့ပြီးမှပဲ တွေ့ဖြစ်တယ်။ ချင်းအမျိုးသားနေ့အခမ်းအနားကိုသူလာတယ်လေ။ အရေးအခင်းကာလမှာတော့ မတွေ့ဖြစ်ဘူး။ သူက ကြားဖြတ်အစိုးရဖွဲ့ဖို့အတွက် တခြားသူတွေနဲ့ တိုင်ပင်ထားပါတယ်လို့ပြောပြီးတော့ တကယ်က ဒေါ်စုတို့ကလည်း ဘာမှမသိခဲ့ကြဘူးလေ။ အဲဒီတုန်းက ကျနော်က “ဘကြီးနု ညာသည်” ဆိုပြီးဆောင်းပါးတပုဒ်တောင် ရေးခဲ့တယ်။
အဲဒီကြားဖြတ်အစိုးရဖွဲ့လာခဲ့ရင် ချင်းဘက်ကနေ ပါဝင်သင့်/မသင့်၊ ပါရင် ဘယ်သူတွေပါသင့်သလဲဆိုတာကို ကျနော်တို့အထဲမှာ ဆွေးနွေးခဲ့ကြတယ်။ ပဏာမအဆင့်အနေနဲ့ မြို့နယ်တမြို့နယ်ကနေ ကိုယ်စားလှယ် (၂) ဦးစီ စာရင်းပေးဖို့ကို ကျနော်တို့အတွင်းမှာလုပ်တယ်။ ပြီးတော့မှ တကယ်ကြားဖြတ်ဖွဲ့ခဲ့ရင် ဒီ (၁၈) ဦးထဲကနေ (၂) ယောက် ပြန်ရွေးချယ်ပြီး ချင်းကိုယ်စားပါဝင်ခိုင်းမယ်ဆိုတာပေါ့။ မြို့နယ်အဆင့်ကနေ (၂) ဦးစီရွေးတဲ့အဆင့်အထိတော့ ရောက်ခဲ့ပါတယ်။
(ဂ) ၈၈၈၈ အရေးတော်ပုံမှသည် CNLD ပါတီ။
နောက်ပိုင်းမှာ- စောမောင်အာဏာသိမ်းတယ်။ စောမောင်အာဏာသိမ်းပြီးတော့ အဲဒီသပိတ်ကော်မတီအားလုံးကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းရင်ပြောင်း၊ မပြောင်းရင် ဖျက်သိမ်းတယ်လို့ကြေငြာ။ မဟုတ်ရင် မတရားအသင်းအဖြစ်သတ်မှတ်မယ်ဆိုပြီး အမိန့်ထုတ်ခဲ့တယ်။ အဲဒါနဲ့ ကျနော်တို့တတွေ CNLD (Chin League) ကိုဖွဲ့စည်းခဲ့တယ်။ ဆလိုင်းရမ်လိန်မှူန်း ဥက္ကဌ၊ ကျနော်က ဒုဥက္ကဌ၊ ဆလိုင်းငိုင့်ဆာ့ခ်က အထွေထွေအတွင်းရေးမှူးဆိုပြီးပေါ့။ ဖွဲ့စည်းတာနဲ့ကို ကျနော်တို့တတွေ ထုတ်ပြန်ကြေညာချက်တစောင်ထုတ်ပြန်ခဲ့တယ်။ CNLD ကို မကြာခင်ကာလမှာ ညီလာခံခေါ်ပြီးတော့ လူကြီးတွေကို ဦးဆောင်ဖို့ လွှဲပေးမယ်။ လူကြီးတွေ မစုစည်းနိုင်သေးခင်မှာ ကျနော်တို့တတွေ စတင်ဖွဲ့စည်းထားခြင်းဖြစ်တယ်။ ကျနော်တို့ကိုယ်တိုင် လုံး၀ ဝင်အရွေးမခံဘူး။ ချင်းတမျိုးသားလုံးသွေးစည်းညီညွတ်ရေးကို လိုလားတယ်ဆိုပြီး ထုတ်ပြန်ခဲ့ကြပါတယ်။
(ဃ) ၈၈၈၈ အရေးတော်ပုံကြီးမှသည် နိုင်ငံရေးအခင်းအကျင်းအသစ်သို့ ။
၈၈၈၈ အရေးတော်ပုံကြီးက အရမ်းအရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့- မြန်မာ့နိုင်ငံရေးအနေအထားတွေကို ပြန်ကြည့်ရင် လွတ်လပ်ရေးရဖို့ အချိန်ကာလတခုမှာပဲ ဗမာတွေက တိုင်းရင်းသားတွေရဲ့ အရေးကို အလေးထားမှုရှိပြီး၊ ကျန်အချိန်မှာမရှိသလောက်ပဲ။ တလျှောက်လုံးမှာပေါ့လေ။ အစတုန်းကတော့ ဗမာနိုင်ငံရေးသမားတွေက ဒီမိုကရေစီ ရရှိရေးတခုပဲ။ ဦးနုကိုယ်တိုင်လည်း တောခိုခဲ့တော့ တိုင်းရင်းသားတွေနဲ့ စကားပြောတဲ့အခါ ဖက်ဒရယ်လ်ကိစ္စပြောတော့ နောက်ပြန်လှန်သွားခဲ့တယ်လေ။ ဒါပေမယ့် ၈၈ ပြီးနောက်ပိုင်းမှာတော့ ကျနော်တို့တတွေ ပိုမိုနီးစပ်လာတယ်။ ဥပမာ- NLD နဲ့ UNLD ပူးတွဲလုပ်ဆောင်မှုတွေ၊ ဗိုလ်အောင်ကျော်လမ်းကြေညာချက်တွေ၊ CRPP တွေ။ ပြည်ပမှာဆိုလည်း တပ်ပေါင်းစုတွေမှာ အတူတကွ အလုပ်အတူတူလုပ်နိုင်တာတွေက ၈၈ ကနေ ဖြစ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းအသစ်တရပ်ဖြစ်တယ်။ သူတို့ကိုယ်တိုင်ကလည်း ဒီမိုကရေစီအရေး၊ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကို လက်ခံပြီးပြောဆိုလာကြတယ်။
နောက်ဆုံးအနေနဲ့က ၈၈၈၈ အရေးတော်ပုံက အပြီးသတ်အောင်ပွဲ မခံနိုင်သေးဘူး။ ဒါကြောင့်လည်းပဲ ကျနော်တို့တတွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ၂၁ ရာစုပင်လုံညီလာခံတွေကနေ တဆင့် ဆက်လက်ကြိုးပမ်းနေကြတာဖြစ်တယ်။