ပလက်၀မြို့နယ်ရှိ နိုင်ငံဝန်ထမ်းများ လစာ ၂ ဆ ခံစားခွင့်ရ
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများအား ပြည်ထောင်စုအစိုးရမှ မှုရင်းလစာ၏ ၂ ဆခံစားခွင့် ပေးလိုက်ကြောင်း သိရသည်။
ပလက်ဝမြို့နယ် ပညာရေးမှူး ဦးကီးလောဟာက “အခုလိုပေးတာ အစိုးရက ပေးသင့်တယ် ထင်တယ် ဒီမှာက ကုန်စျေးနှုန်းက အဆမတန် စျေးကြီးတော့ အခုပေးတဲ့ဟာတောင် နည်းတယ်လို့ ပြောလို့ရတယ် ဝန်ထမ်းတွေအပြင် တောင်သူ လယ်သမားတွေလည်း တော်တော်ဒုက္ခရောက်ကြတယ် အခုလို ဝန်ထမ်းတွေကို ပေးတဲ့ပေါ်မှာလည်း ကျေးဇူးတင်ပါတယ် ဒီမှာရှိတဲ့ ဝန်ထမ်းတွေက မလောက်မဌလေး သုံးနေကြတယ် အခုလို ရတော့ဝမ်းသာပေးတယ်”ဟုပြောသည်။
ပလက်ဝမြို့နယ်၏ ဒေသအခြေအနေရ ဝန်ထမ်းများကို ၂၀၂၀ ဒီဇင်ဘာလမှ ဇန်နဝါရီ၊ဖေဖော်ဝါရီ၊မတ်လ အထိ လစာ၏ ၂ ဆခံစားခွင့်ပြုမည်ဟုလည်း သိရသည်။
ပလက်ဝမြို့နယ် အလယ်တန်းကျောင်းအုပ် ဒေါ်နှင်းအေးမွန်က “ကျမတို့ အလယ်အုပ်က နှစ်သိန်းခုနှစ်သောင်းငါးထောင် ရပါတယ် မှုရင်းလစာရပါတယ် ဒီအပြင် အခုလိုနှစ်ဆ ပေးလိုက်တော့ ဝမ်းသာတယ် အရင်တုန်းကဆိုရင် စားရေးသောက်ရေး အဆင်မပြေဘူး အခုလိုပေးလိုက်တော့ ကျမတို့လို ဝန်ထမ်းတွေ အသက်ရှုချောင်သွားတယ်”ဟုပြောသည်။
ဒေသအခြေအနေရ ၄ လအကြာ လစာ၏ ၂ ဆခံစားခွင့်ကို ပလက်ဝမြို့နယ်ရှိ မည်သည့် ဌာနဆိုင်ရာက ဝန်ထမ်းမဆို ခံစားခွင့် ရမည်ဖြစ်ကြောင်းလည်း သိရသည်။
ပလက်ဝမြို့နယ် ပညာရေးမှူး ဦးကီးလောဟာက “ခွင့်ပြုအမိန့် ထုတ်တာ နောက်ကျလို့ ဇန်နဝါရီလကုန်မှဘဲ ဒီဇင်ဘာလဟာနဲ့ ပေါင်းပြီး ထုတ်မှာဖြစ်တယ် လက်ရှိတော့ အခုလိုပေးတာကလည်း ပလက်ဝမြို့နယ်မှာရှိတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးကို ပေးတာဖြစ်တယ်”ဟုပြောသည်။
ပလက်ဝမြို့နယ်မှာ လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးတို့ကြောင့် ဆန်စျေးနှင့် အခြားစားသောက်ကုန် ပစ္စည်းများအပါအဝင် လူသုံးကုန်ပစ္စည်းများ၏ စျေးနှုန်းမှာအဆမတန် စျေးကြီးကြောင်းလည်း သိရသည်။