Input your search keywords and press Enter.

ထန်တလန်တင်ဒါပြသနာသက်သက်မဟုတ်ပဲ၊ချင်းပြည်နယ်၏တင်ဒါပြသနာဖြစ်

(ချင်းဝေါလ်အယ်ဒီတာ့အာဘော်)

၂၀၁၅ခုနှစ်ရွေးကောက်ပွဲမဲဆွယ်ကာလကချင်းပြည်နယ်တွင်ထိုစဉ်ကချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်းနှင့်ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများဘေးတွင်တင်ဒါကုမ္ပဏီပိုင်ရှင်များကိုတပူးပူးတတွဲတွဲတွေ့မြင်ရသကဲ့သို့၂၀၂ဝခုနှစ်ရွေးကောက်ပွဲမဲဆွယ်ကာလတွင်လည်းလက်ရှိအာဏာရNLDပါတီကိုယ်စားလှယ်လောင်းများနှင့်တင်ဒါကုမ္ပဏီပိုင်ရှင်များတပူးပူးတတွဲတွဲတွေ့မြင်ခဲ့ရပါသည်။ချင်းပြည်နယ်၏နိုင်ငံရေးလောကသို့ယခင်ကထက်တင်ဒါကုမ္ပဏီသမားများနက်နက်ရှိုင်းရှိုင်းပတ်သက်ဝင်ရောက်လာပြီဖြစ်ပါသည်။

ချင်းပြည်နယ်တွင်တင်ဒါပြိုင်သည့်ကုမ္ပဏီများအရေအတွက်သည်ယခုနှစ်ဆိုလျှင် ၁၃၂၅ ခု အရေအတွက်အထိရောက်လာပြီဖြစ်သည်။

ချင်းပြည်နယ်၏နိုင်ငံရေးလောကသို့တင်ဒါသမားများနက်နက်ရှိုင်းရှိုင်းဝင်ရောက်လာခြင်းကိုလူမူ့ကွန်ရက်တွင်ပေါက်ကြားခဲ့သည့်ထန်တလန်မြို့နယ်NLDပါတီဥက္ကဌ၏စာသည်သက်သေပင်ဖြစ်သည်။ဤကဲ့သို့ဖြစ်ရပ်မျိုးသည်ထန်တလန်၁မြို့နယ်တွင်သာရှိသည်ဟုစာဖတ်သူသင်ယုံကြည်ပါသလား၊တခြားမြို့နယ်များထက်ထန်တလန်သည်ကံဆိုးစွာဖြင့်ပေါ်ပေါက်သွားသောဖြစ်ရပ်သာဖြစ်သည်။ထန်တလန်သည်ချင်းပြည်နယ်၁ခုလုံးတွင်ဖြစ်ပျက်နေသည့်တင်ဒါအကျိုးစီးပွားပြသနာများအားလုံးကိုကိုယ်စားပြုနေသည့်ပြသနာဖြစ်သည်။ထန်တလန်ုဖြစ်ရပ်သည်အရည်အသွေးမကောင်းသောလုပ်ငန်းတင်ဒါများ၏အဖြေကိုဖော်ပြနေသည့်ဖြစ်ရပ်ဖြစ်သည်။

ချင်းပြည်နယ်မြို့နယ်တိုင်းမှာကုမ္ပဏီများကအလှူငွေပေး၊အလှူငွေပေးသောကုမ္ပဏီများကိုတင်ဒါပြန်ပေးဖြစ်စဉ်မျိုးယခင်ကတည်းကရှိနေသည်ကိုတင်ဒါလျှောက်ထားသူများထံမှသိရှိရပါသည်။

တင်ဒါသမားများချင်းပြည်နယ်နိုင်ငံရေးလောကထဲသိသိသာသာဝင်ရောက်ခဲ့ခြင်းအစမှာချင်းပြည်နယ်မြို့နယ်တိုင်းရှိNLDပါတီရုံးများတည်ဆောက်ရေးတွင်တင်ဒါကုမ္ပဏီများအလှူငွေထည့်ဝင်ရာမှစတင်ခဲ့ပြီးအလှူထည့်သည့်ကုမ္ပဏီများကိုတင်ဒါပြန်ပေးလုပ်ဆောင်ခဲ့ကာတင်ဒါကုမ္ပဏီများသည်ယခုရွေးကောက်ပွဲတွင်လည်းNLDပါတီကိုလူအား၊ငွေအားဖြင့်ဝန်းရံပေးခဲ့ကြပါသည်။ထန်တလန်ဖြစ်စဉ်သည်လည်းNLDပါတီအောင်နိုင်ရေးအတွက်ကူညီအားပေးသည့်ကုမ္ပဏီစာရင်းနှင့်အဆိုပါကုမ္ပဏီများ၏တင်ဒါအမှတ်များဖော်ပြထားသည့်အတွက်ပါတီအောင်နိုင်ရေးကူညီသည့်ကုမ္ပဏီများကိုတင်ဒါပေးဖို့ရည်ညွှန်းသည်ကိုတွေ့ရပါသည်။

တင်ဒါစပြိုင်စဉ်က သိန်း၁၀၀ ခန့်စီမံကိန်းများသာလျှောက်နိုင်သည့်ကုမ္ပဏီပိုင်ရှင်တချို့သည်နောင် ၃ နှစ် ၄ နှစ်အကြာတွင်သိန်းထောင်ကျော်တန်စက်ကြီးများဝယ်ယူနိုင်သည့်ချမ်းသာမူ့မျိုးကိုချင်းပြည်နယ်တွင်မြင်တွေ့ရပါသည်။မြို့နယ်စည်ပင်ဥက္ကဌကိုယ်တိုင်စည်ပင်တင်ဒါဝင်ပြိုင်ပြီးတင်ဒါရသည့်ဖြစ်ရပ်မျိုးအထိချင်းပြည်နယ်တွင်ဖြစ်ပွားနေပါသည်။တင်ဒါသမားများလုပ်ဆောင်သောလုပ်ငန်းများအရည်အသွေးမပြည့်မီမူများရှိသော်လည်းကြီးကြပ်မူ့၊အရေးယူမူ့အားနည်းနေပါသည်။

 

လက်ရှိတွင်လူမူ့ကွန်ရက်တွင်ပေါက်ကြားခဲ့သည့်ထန်တလန်မြို့နယ်NLDပါတီဥက္ကဌလည်းဖြစ်သူ၊၂၀၂ဝရွေးကောက်ပွဲတွင်အနိုင်ရရွေးကောက်ခံထန်တလန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏တင်ဒါနှင့်ပတ်သက်ပြီးမှတ်ချက်ပေးစာအပေါ်စစ်ဆေးအရေးယူရန်လုပ်ဆောင်နေကြပါသည်။ဤကဲ့သို့စာသည်ထန်တလန်တမြို့နယ်တည်းသာလျှင်ထုတ်ပြန်သည့်စာဟုတ်မဟုတ်၊ထန်တလန်မြို့နယ်ပါတီဥက္ကဌကိုအရေးယူပြရုံ၊၄င်းထောက်ခံထားသည့်ကုမ္ပဏီများကိုတင်ဒါမပေးရုံမျှဖြင့်မဖြေရှင်းစေလိုပါ၊

ယခုကဲ့သို့တင်ဒါပြသနာများသည်မြို့နယ်တိုင်းတွင်ရွေးကောက်ပွဲကာလNLDပါတီကိုဝန်းရံပေးခဲ့သောတင်ဒါကုမ္ပဏီများ၏အကျိုးစီးပွားပါရှိနေသောပြသနာများဖြစ်သောကြောင့်ထန်တလန်တင်ဒါပြသနာသက်သက်မဟုတ်ပဲ၊ချင်းပြည်နယ်၏တင်ဒါပြသနာဖြစ်ပါကြောင်းမြို့နယ်တိုင်းရှိတင်ဒါလျှောက်သောသူများကိုသေချာစိစစ်ပြီးမျှမျှတတဖြင့်ချင်းပြည်နယ်အဆင့်ဖြင့်ဖြေရှင်းပေးရမည်ဖြစ်ပါသည်။တင်ဒါသမားများနှင့်ကင်းကင်းရှင်းနေမှသာအကျိုးစီးပွားပြသနာများရှောင်ရှားနိုင်ပြီးအဂတိကင်းသောအစိုးရ၊အဂတိကင်းသောလွှတ်တော်ကိုယ်စားလှယ်များဖြစ်နိုင်မည်ဖြစ်သည်။

 

အယ်ဒီတာ
နိုဝင်ဘာလ ၃၀ ရက်၊၂၀၂၀။