
ငလျင်ဘေးဒဏ်သင့်ပြည်သူတွေ ကူညီ ကယ်တင်ဖို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့က လူမှုကူညီရေးအသင်းအဖွဲ့တွေစုပြီး ကားအစီး ၁၀ စီး ဝန်းကျင်နဲ့ ဒီကနေ့ မတ်လ ၃၀ ရက်နေ့မနက်ပိုင်းကနေစပြီး ကလေးမြို့ကနေ ထွက်ခွါသွားကြပြီလို့ သိရပါတယ်။
ဇိုမီးလူငယ် လူမူ့ကူညီရေးအသင်း( ZYA)က ပါဝင်သူတစ်ဦးက “သွားတာကြတော့ ကလေးမြို့က လူမှုကူညီရေးအသင်းတွေစုပေါင်းပြီးတော့ သွားကြတယ် အဖွဲ့အစည်းဘယ်နှစ်ဖွဲ့ကပါလဲ ကျနော်လဲ အတိအကျမသိပေမယ့် ကား ၁၀ စီးလောက်နဲ့ ဒီကနေ့မနက်ကနေ ထွက်သွားကြပြီ” လို့ပြောပါတယ်။
မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းထဲက မြို့နယ်ပေါင်း ၂၀ ကျော်မှာ သက်ရောက်ခဲ့ပြီး လူသေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့ပြီး လက်ရှိရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေလျက်ရှိနေပါတယ်။
ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် မတ်လ ၂၉ ရက်နေ့ ည ၈ နာရီအထိ MRTV သတင်းကြေညာချက်အရ စစ်ကောင်စီကောက်ယူတဲ့ စာရင်းအရ သေဆုံးသူဦးရေ ၁၆၄၄ ဦးရှိလာကာ၊ ထိခိုက်ဒဏ်ရာရသူ ၃၄၀၈ ဦး နဲ့ ပျောက်ဆုံးသူ အယောက် ၁၃၉ ဦးရှိပြီး မန္တလေးတိုင်းဒေသကြီးမှာ ငလျင်ကြောင့် သေဆုံးသူ အများဆုံးဖြစ်ကြောင်း နဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ကောက်ယူနေသလို အိန္ဒိယ၊ တရုတ် နဲ့ တခြားနိုင်ငံတကာ အကူအညီတွေလည်း စတင်ရောက်နေကြောင်း စစ်ကောင်စီဘက်က မနေ့ညက ထုတ်ပြန်ထားသလို ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာလည်း တခြားနိုင်ငံက ကူညီကယ်ဆယ်ရေးတွေ ထပ်မံရောက်ရှိနေကြောင်းကိုလည်း သိရပါတယ်။