ငလျင်ဒဏ်ဆိုးရွားစွာခံစားနေရတဲ့မြန်မာပြည်သူတွေအတွက် UFC ချင်းလူငယ်ဖိုက်တာ Joshua Van က သိန်း ၁၀၀ လှူဒါန်း

မတ်လ ၂၉ ရက်။

UFC ချင်းလူငယ်ဖိုက်တာ Joshua Van က ငလျင်ဒဏ်ဆိုးရွားစွာ ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ချင်းလူငယ်ဖိုက်တာ Joshua Vanက ငလျင်ဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် အလှူငွေတွေကို Chinland Foundation ကနေတဆင့် လှူဒါန်းမှုလုပ်ခဲ့တာလို့ Chinland Foundation ဥက္ကဌ Saya Thawng Tha Thang က ၎င်းရဲ့ လူမှုကွန်ယက် ဖေ့ဘုတ်ကနေ တဆင့်ဖော်ပြထားပါတယ်။

ချင်းလူငယ်ဖိုက်တာ Joshua Van လှူဒါန်းတဲ့ ငွေတွေကို ငလျင်ဒဏ်ဆိုးရွားစွာ ခံစားနေရတဲ့ မန္တလေး၊ မိတ္ထီလာ၊ နေပြည်တော် နဲ့ ငလျင်ဒဏ်သင့်နေတဲ့ နေရာတွေရဲ့ ကယ်ဆယ်ရေး နှင့် ဆေးဝါးကုသရေး လုပ်ငန်းတွေ အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ Saya Thawng Tha Thang ရဲ့ဖော်ပြချက်အရသိရပါတယ်။

မြန်မာပရိသတ် အများအပြားက အားပေးနေတဲ့ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ဟာမြန်မာပြည်ဖွား၊ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး လက်ရှိမှာ UFC ပြိုင်ပွဲပေါင်း (၇) ပွဲအထိ ထိုးသတ်ထားပြီး ၆ ပွဲနိုင်၊ ၁ ပွဲရှုံးပြီး UFC Flyweight အဆင့် ၁၄ နေရာမှာ ရှိသူလည်းဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် မတ် ၂၉ ရက် ည ၈ နာရီ MRTV သတင်းကြေညာချက်အရ စစ်ကောင်စီကောက်ယူထားတဲ့ စာရင်းအရ မြန်မာတစ်နိုင်ငံလုံး မှာ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၆၄၄ ဦး ရှိလာကာ၊ဒဏ်ရာရရှိသူ ၃၄၀၈ ဦးနဲ့ ပျောက်ဆုံးသူ အယောက် ၁၃၉ ရှိပြီး မန္တလေးတိုင်းဒေသကြီးမှာ ငလျင် ကြောင့် သေဆုံးသူအများဆုံးဖြစ်ကြောင်း အသေးစိတ်အချက်အလက်ကို ဆက်ကောက်ယူနေတယ်လို့၊အိန္ဒိယ၊တရုတ်ကနိုင်ငံတကာအကူအညီများ ဒီနေ့မတ်လ ၂၉ ရက်မှာ စတင် ရောက်ရှိနေကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *