ချင်းကာကွယ်ရေးတပ် – အရှို( CDF-Asho) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်း ရဲဘော်တစ်ဦးဖြစ်တဲ့ CDF – Asho ရဲ့ တပ်စိတ်မှူး တပ်ကြပ် ဆလိုင်းစိုးနိုင်ဝင်းဟာ မတ်လ ၂၅ ရက်နေ့တွင် ရှေ့တန်းတစ်နေရာမှာ မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်းCDF-Asho က ဒီကနေ့မတ်လ ၂၈ ရက်မှာ အမိန့်ပြန်တမ်းထုတ်ပြန်ပါတယ်။
မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်တွေကို ကျွန်တော်တို့ရဲဘော်အားလုံး အဆုံးတိုင် ဆက်လက်ထမ်းဆောင်သွားမယ်လို့ တော်လှန်ရေးတာဝန်တွေကို အသက်နဲ့ ခန္ဓာစွန့် ထမ်းဆောင်ခဲ့တဲ့ ချင်းကာကွယ်ရေးတပ် – အရှိုရဲ့ (CDF – အရှို)တပ်စိတ်မှူး တပ်ကြပ် ဆလိုင်းစိုးနိုင်ဝင်း ဝိညာဉ်ရှေ့မှောက် ကတိသစ္စာပြုတယ်လို့ CDF – Asho က မတ်လ ၂၆ ရက်နေ့မှာ အမိန့်ပြန်တမ်းထုတ်ပြန်တယ်။
CDF – Asho ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးရှင်းက “တော်ရေးအစကနေ ဒီကနေ့ အချိန်ထိ စုစုပေါင်း ၄ ဦး ကျဆုံးခဲ့ရတယ် ထိခိုက်ဒဏ်ရာရတာရော စုစုပေါင်း ၄ ဦးရှိပြီပေါ့ စစ်ရေးနဲ့ ပက်သက်ပြီး လက်ရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး စခန်းလမ်းဟောင်း ဘက်မှာစစ်ဆင်ရေးတွေ လုပ်ဆောင်လျှက်ရှိပါတယ်” လို့ပြောပါတယ်။
ချင်းမျိုးနွယ်စုအားလုံးနဲ့ အဖိနှိပ်ခံ ပြည်သူတစ်ရပ်လုံးကို ကာကွယ်သွားဖို့ တော်လှန်ရေးတာဝန်တွေကို အသက်နဲ့ ခန္ဓာစွန့် ထမ်းဆောင်ခဲ့တဲ့ ဆလိုင်းစိုးနိုင်ဝင်း ကို ချင်းကာကွယ်ရေးတပ် – အရှိုအနေနဲ့ အလေးအနက် ဂုဏ်ယူအသိမှတ်ပြုကြောင်း ဖော်ပြထားပါတယ်။
ချင်းကာကွယ်ရေးတပ် – အရှို(CDF-Asho) ဟာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် နယ်စပ်မှာ အခြေစိုက်ကာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။