Headlines

မလေးရှားမှာ UN မှတ်ပုံတင်ကဒ်လျှောက်ထားပြီး ရက်ချိန်းမရသေးတဲ့သူတွေ UN ရုံးကိုဆက်သွယ်ပြီး ရက်ချိန်းယူလို့ ရပြီလို့ သိရ

ဖေဖော်ဝါရီလ ၂၁ ရက်။

မလေးရှားနိုင်ငံက ချင်းလူမျိုးရွှေ့ပြောင်းဒုက္ခသည်တွေအနေနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မတိုင်မှီကနေ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှာ UN မှတ်ပုံတင်ကဒ် လျှောက်ထားပြီး အခုထိရက်ချိန်းမရသေးတဲ့သူ တွေ UNHCR ရုံးကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစလို့ ဖုန်းနဲ့ တိုက်ရိုက်ဆက်သွယ်လို့ ရပြီလို့ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မတိုင်မှီကနေ UN လျှောက်ထားပြီး ဒီကနေ့ချိန်ထိ ရက်ချိန်းမရသေးတဲ့ သူတွေအနေနဲ့ UNHCR ရုံးကို ဖုန်း – 0176143810 ကို ညနေ ၂ နာရီကနေ ၄ နာရီအထိ တနင်္လာနေ့မှ သောကြာနေ့အထိဆက်သွယ်လို့ရပြီလို့ သိရပါတယ်။

Dai Community in Malaysia ရုံးကတာဝန်ရှိသူတစ်ဦးက “၂၀၂၁ နောက်ပိုင်းလျှောက်ထားတဲ့သူ အများစုကမရကြဘူး ကျန်းမာရေးကိစ္စတွေကလွဲလို့ပေါ့ အရင်က ၂၀၁၉ ၊ ၂၀၂၀ မှာလျှောက်တဲ့ဟာတွေတော့ တစ်ခါအကြောင်းကြားဖူးတယ် ၂၀၂၃ ခုနှစ် ဇန်နဝါရီ မတိုင်ခင်လျှောက်တဲ့ဟာက ဒီနေ့မှ အကြောင်းကြားလာတာပါ” လို့ပြောပါတယ်။

UNHCR ရုံးမှာ ရက်ချိန်းယူဖို့ UN စာရွက်စာတမ်း Reference number နဲ့ ဖြည့်စွက်ထားတဲ့ အချက်အလက်တွေ၊ ဘာသာစကားအနေနဲ့ မလေးစကားနဲ့ အင်္ဂလိပ်စကား နှစ်မျိုးလုံးအသုံးပြုရမှာဖြစ်ပြီး အကယ်၍ ဘာသာစကား နားမလည်သူတွေအနေနဲ့ ကူညီပေးနိုင်သူတစ်ဦးဦးကို ဆက်သွယ်နိုင်တယ်လို့လည်း သိရပါတယ်။

“မှတ်ပုံတင်ရန် ရက်ချိန်းအတွက် UNHCR ကိုဖုန်း ခေါ်ဆိုသည့်အချိန်တွင် Online registration Ref number အပြင်. လျှောက်ခဲ့စဉ်က ဖော်ပြထားသည့် မိမိ မွေနေ့၊လ၊ နှစ် များနှင့် မိမိ မလေးရှားရောက်ရက်များကိုပြန်လည်မှတ်မိနိုင်အောင်ကြိုးစားပြီးပြင်ဆင်ထားပါရန်အကြံပြုအပ်ပါသည် “လို့ မလေးရှားနိုင်ငံမှ Alliance of Chin Refugees အသင်းမှ Ko James Bawi Thang Bik ကလည်း သူ့ရဲ့facebook မှာ ရေးသားထားပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာပြည်က ရွှေ့ပြောင်းလာသူတွေအနေနဲ့ UN ကဒ်ရှိထားပါက မလေးရှားအစိုးရ ဆေးရုံတွေမှာ ဆေးကုသခွင့် ထက်ဝက်လျော့ဈေးခံစားရသလို အဖမ်းအဆီးတွေနဲ့ပတ်သက်ပြီးလည်း စိုးရိမ်စရာမရှိတာတွေကြောင့် မလေးရောက် မြန်မာရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ လျှောက်ကြတာဖြစ်ပါတယ်။

လက်ရှိမှာ မလေးရှားအစိုးရအနေနဲ့ သူ့နိုင်ငံတွင်းရောက်ရှိနေတဲ့ ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နဲ့ မလေးရှားအစိုးရဆီတရားဝင်မှတ်ပုံ တင်ထားသူတွေကို တရားဝင်အလုပ်လုပ်ခွင့်နဲ့ လူမှုရေးဆိုင်ရာ အကူအညီများပေးအပ်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဒုက္ခသည်တွေကိုခေါ်ဆိုမှုဆိုင်းငံ့ထား ကြောင်း ကြေညာပြီးသုံးပတ်မြောက်အကြာမှာ မလေးရှားလွှတ် တော်အစည်းအဝေးမှာ မလေးရှားဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာ Zaliha Mustafa ကပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *