
ဖေဖော်ဝါရီလ ၁၈ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါကားလမ်းမပေါ်ကကမ်းပါးနီတံတားတပ်စခန်း၊မှန်တော၊ အောင်သာယာ နဲ့ နဂါးမောက်ခြံ ကျေးရွာက စစ်ကောင်စီတပ်စခန်း ၄ ခုကို CDF – KKG(Kalay-Kabaw-Gangaw) ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၁ ပတ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ CDF – KKG ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
CDF – KKG ကပြောရေးဆိုခွင့်ရှိသူတစ်ဦးက “စစ်ကောင်စီတပ်ရဲ့ ကမ်းပါးနီ အထိုင်စခန်းကြီးတစ်ခု၊ အသေးလေးတွေက ၃ ခုကို သိမ်းပိုက်နိုင်ပြီ အဲဒီတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁ ဦးဖမ်းဆီးရမိတယ် သိမ်းဆည်းရမိတဲ့လက်နက်တွေကတော့ စိစစ်လို့မရသေးဘူး တိုက်ပွဲတွေက လက်ရှိငြိမ်နေပါတယ် ဒါပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေတော့ ဆက်လက်ရှိနေသေးတယ်” လို့ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ တပတ်အတွင်း ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းပေါ်က စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေ အထိုင်ချစခန်းကြီးဖြစ်တဲ့ ကမ်းပါးနီ၊ အောင်သာယာရွာ၊ မှန်တောရွာနဲ့ နဂါးမောက်ခြံတို့က စစ်ကောင်စီစခန်းတွေလည်း သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်များကိုလည်း တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့ဘက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တွေနဲ့နယ်နိမိတ်ထိစပ်နေတဲ့ ကလေး – ဂန့်ဂေါကားလမ်းမပေါ်က စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရေးအရ အရေးပါတဲ့ဒေသဖြစ်လို့ စစ်ကောင်စီက လေကြောင်းကနေ အသည်းအသန်ခုခံကာကွယ်ခဲ့ရတဲ့ နေရာဒေသလည်းဖြစ်ပါတယ်။
လက်ရှိမှာလည်း ကလေး – ဂန့်ဂေါကားလမ်းဘေးမှာရှိတဲ့ ကျေးရွာနေဒေသခံပြည်သူ ၁သောင်းခန့်ဟာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့လည်းသိရပါတယ်။