
ဖေဖော်ဝါရီလ ၁၇ ရက်။
မရာချင်းလူမျိုးစုလက်နက်ကိုင် MDF တပ်ဖွဲ့နဲ့ လောက်တူချင်းလူမျိုးစုလက်နက်ကိုင် CDF – Lautu တပ်ဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်နေမှုဟာ နှစ်ဖက်အဖွဲ့အစည်းဖြစ်ပွားနေတဲ့ ပြဿနာဖြစ်ပြီး (Chinland )ကောင်စီအနေနဲ့ တိုက်ခိုက်မှုတွေမှာလည်း ပူးပေါင်းပါဝင်ခြင်း မရှိဘူးလို့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လက်ရှိချင်းပြည်နယ်အတွင်း (Chinland) ကောင်စီ အဖွဲ့ဝင် CDF -–Lautu နဲ့ ချင်းညီနောင်အဖွဲ့ဝင် MDF အကြား ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပက်သက်ပြီး CDF -–Lautu နဲ့ MDF နှစ်ဖက်အဖွဲ့ကြားဖြစ်တဲ့ ပြဿနာဖြစ်ပြီး ချင်းလူမျိုးအချင်းချင်းကြား တိုက်ခိုက်သတ်ဖြတ်မှုတွေကို လက်မခံတဲ့အပြင် စစ်ရေးဖော်ဆောင်မှုတွေနဲ့ တိုက်ခိုက်မှုတွေမှာ ပူးပေါင်းပါဝင်ခြင်းမရှိဘူးလို့ Chinland ကောင်စီက ထုတ်ပြန်ပါတယ်။
CDF – Lautu နဲ့ MDF နှစ်ဖက်အဖွဲ့ကြားဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုအခြေအနေနဲ့ ပက်သက်ပြီး လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးမှူး ဆလိုင်းစော်ဗီးက “ပြေပြေလည်လည် အဖြေရှာနိုင်ရေးကြိုးပမ်းနေတာမို့ သေးစိတ်ဘာမှ ပြောလို့မရသေးဘူးလို့” Chin World Media ကိုပြောပါတယ်။
MTC/MDF ကာကွယ်ရေးအတွင်းရေးမှူးက “အခုတိုက်ပွဲက CDF – Lautu တစ်ခုတည်းနဲ့ဖြစ်နေတာ မဟုတ်ဘဲ CNA လည်းပါတယ် CC တပ်ပေါင်းစုလည်းပါတယ် ဒီထုတ်ပြန်ချက်က သူတို့ပြောနေတာနဲ့ မြေပြင်မှာလုပ်နေတာက မကိုက်ညီဘူး တိုက်ပွဲတွေအတွင်း CC ဘက်က ရဲဘော်တွေ ကျနော်ဆီမှာ ဖမ်းမိတာလည်း ၃ ဦးရှိပါတယ်။ ဒီလိုမျိုးကိုယ့်ချင်းလူမျိုးအချင်းချင်း ဖြစ်နေတာကတော့ ကျနော်တို့လည်း စိတ်မကောင်းဘူး “လို့ Chin World Media ကိုပြောပါတယ်။
Chinland ကောင်စီအနေနဲ့ ချင်းပြည်နယ်အတွင်း လက်တလောကြုံတွေ့နေရတဲ့ ချင်းလူမျိုးတွေအကြား သဘောထားကွဲလွဲမှုတွေကို အဆုံးသတ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကို အလေးထားဆောင်ရွက်နေတဲ့ကာလဖြစ်ပြီး ေတာ်လှန်ရေးကာလအတွင်း မြို့နယ်နဲ့ ဒေသအကြား ချင်းမျိုးနွယ်စုအချင်းချင်းကြား အင်အားဖြင့် နိုင်ထက်ပြုခြင်း၊ နယ်မြေချဲ့ထွင်ခြင်းမလုပ်သင့်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် ချင်းအမျိုးသား စည်းလုံးညီညွှတ်ရေးကို အဓိကထားကာ ချင်းလူမျိုးတစ်အူတုံဆင်းညီရင်းအစ်ကိုအဖြစ် ခံယူလျှက် ချင်းလူမျိုး ညီရင်းအစ်ကိုကြားဖြစ်တဲ့ ပြဿနာတွေကို စစ်ရေးတိုက်ခိုက်မှု၊ အချင်းချင်းသွေးထွက်သံယိုမှုဖြင့် ဖြေရှင်းခြင်းကနေ ရပ်တန့်ရှောင်ရှားကာ ငြိမ်းချမ်းရေလမ်းစဉ်၊ ပေါင်းစပ်ညှိနှိုင်းလမ်းစဉ်ဖြင့်သာ ဖြေရှင်းဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းတယ်လို့ Chinland Council ကထုတ်ပြန်ထားပါတယ်။
နယ်မြေအငြင်းပွားမှုတွေကြောင့် CDF – Lautu တပ်ဖွဲ့ထိန်းချုပ်ပြီး တပ်စခန်းချထားတဲ့ မတူပီမြို့နယ်၊ရွာမန်းကျေးရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစလို့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( MDF) တပ်ဖွဲ့က ထိုးစစ်ဆင်ခဲ့လို့ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ကာ ဇန်နဝါရီနောက်ဆုံးအပတ်အတွင်းမှာ CDF – Lautu ဘက်က ၄ ဦး ထိခိုက် ကျဆုံးခဲ့တယ်လို့ သိရပြီး နှစ်ဘက် အထိအခိုက် ကျဆုံး စာရင်းကိုတော့တိတိကျကျ မသိရသေးပါ။
CDF – Lautu နဲ့ MDF နှစ်ဖက်အဖွဲ့ကြား ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းကစလို့ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့တယ်လို့လည်း သိရပါတယ်။
