Headlines

မီဇိုရမ်ပြည်က ပလက်ဝချင်းစစ်ဘေးရှောင်စခန်းမှာ ကလေးငယ်အပါအဝင် လူ ၄၀ ကျော် ဝမ်းရောဂါဖြစ်နေကြလို့ ဆေးဝါးအကူအညီတွေ လိုအပ်နေ

ဖေဖော်ဝါရီလ ၇ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်ခရိုင်၊ ကာကီကျေးရွာက ပလက်ဝချင်းစစ်ဘေးရှောင်စခန်းမှာ ပလက်ဝ စစ်ဘေးရှောင် ကလေးငယ်အပါအဝင် အယောက် ၄၁ ဦးခန့်ဟာ ဝမ်းရောဂါဖြစ်လို့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ပလက်ဝကောင်စီရဲ့ လူမှုကယ်ဆယ်ရေးဌာန တာဝန်ခံက Chin World Media ကိုပြောပါတယ်။

ပလက်ဝကောင်စီရဲ့ လူမှုကယ်ဆယ်ရေးဌာနက တာဝန်ခံက “ကာကီစစ်ဘေးရှောင်စခန်းမှာ ဝမ်းပျက်၊ ဝမ်းလျောဖြစ်နေကြတယ် ရောဂါဖြစ်တဲ့ လူနာက ၄၁ ဦး အထိရှိတယ် အခြေအနေကတော့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြတယ်။ နယ်စပ်ရဲ့ စစ်ရှောင်စခန်းလည်းဖြစ်တဲ့ခါကြတော့ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတာနောက်ပြီး အလုပ်အကိုင်လည်း မရှိတော့ နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ချိန်မှာ ရောဂါကလည်းထပ်ဖြစ်တော့ ဖြစ်နိုင်မယ်ဆိုရင် ဆေးဝါးအခမဲ့ ကုသပေးနိုင်မယ့်ဟာတွေ လိုအပ်တယ် လောင်တလိုင်အထိ ဆေးကုသဖို့ သွားဖို့ကလည်း လမ်းပန်းဆက်သွယ်ရေးအရ သော်လည်းကောင်း ငွေရေးကြေးအရသော်လည်း အခက်အခဲစိန်ခေါ်မှုကြုံနေရပါတယ်” လို့ပြောပါတယ်။

လောက်တလိုင်ခရိုင်၊ ကာကီကျေးရွာက စစ်ဘေးရှောင်စခန်းတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကစလို့ စတင်ဖြစ်ပွားခဲ့တာလို့လည်း သိရပြီး ၈ လသားအရွယ်အပါအဝင် စုစုပေါင်း ၄၁ ယောက်မှာ ဝမ်းပျက်၊ ဝမ်းလျောဖြစ်နေကြတာလို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်နယ်စပ်က ကာကီကျေးရွာဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ နယ်မြေအရ နီးစပ်မှုရှိပြီး ပလက်ဝဘက်က စစ်ဘေးရှောင်တွေ သွားရောက်နေထိုင်တဲ့ဒေသလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *