ဇန်နဝါရီလ ၃၀ ရက်။
၂၀၂၅ နှစ်သစ်ကူးပြီးနောက်ပိုင်းမှာ တီးတိန်မြို့ အလွန် တွန်းဇံမြို့ ဘက်ရှိ မဏိပူရ မြစ်ကူးတံတားများ မှာ ကုန်တင်ကားများကို ဒေသတွင်း PDA-Tedim လက်နက်ကိုင်အဖွဲ့မှ တံတားဖြတ်ကူးခ ကား၁ စီးလျှင် ကျပ် ၁ သိန်းစတင် ကောက်ခံလာခဲ့ကြောင်း၊စစ်ကောင်စီ ဂိတ်များ နှင့် ဒေသကာကွယ်ရေး တပ်များ မှ ဂိတ်ကြေးများ မြင့်မားစွာ ကောက်ခံ နေဆဲ ဖြစ်သော်လည်း ကလေး-တီးတိန် လမ်းမပေါ်မှာ ခရီးသည်တင်နှင့် ကုန်တင်ကားများ အပါအဝင် ကားမျိုးစုံ ပုံမှန် ပြေးဆွဲ ဖြတ်သန်း နေကြတယ် လို့ ယာဉ်လိုင်းများနဲ့ နီးစပ်သူများ ထံမှ သိရှိခဲ့ ရပါတယ်။
“ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဒေသခံတွေက တွီးထန်တံတား (Philtun) ကို ပြန်ဖွင့်ပေးဖို့ PDA-Tedim ကို တောင်းဆိုကြတယ်။ PDA-Tedim ကလည်း ပြန်ဖွင့်ပေးပြီး ဂိတ်ထိုင်ကြတယ်။ ကွမ်းသီးကား တွေ၊ ကုန်တင်ကားတွေကို ဂိတ်ကြေး တောင်း နေကြတယ်။ စကတ် (skat) ကားတစ်စီးကို ကျပ် တစ်သိန်း တောင်းကြတယ်။ လက်ရှိမှာ တစ်ရက်ကို အနည်းဆုံး ကွမ်းသီးတင် ကုန်တင်ကား အစီးရေ ၂၀ နှင့် အထက် က အဲတံတားကို ဖြတ် လေ့ ရှိတယ်။ အန်လန့်တံတား အပါအဝင် တခြား တီးတိန် နှင့် တွန်းဇံမြို့ကြား မှာ ရှိတဲ့ မဏိပူရ မြစ်ကူး တံတားတွေ အားလုံးကို တံတား ဖြတ်ခ ကျပ် တစ်သိန်း ပေးရတယ်။ အဲတံတားတွေ အားလုံးက တီးတိန်-ကျီးခါး ကို သွားရတဲ့ တံတားတွေပဲ” လို့ ကုန်တင် ယာဉ်မောင်း တစ်ဦးက တီးတိန်-ကျီးခါး သွားတဲ့မြစ်ကူးတံတားများအခြေအနေများ ကိုရှင်းပြခဲ့ ပါတယ်။
“ကလေး-တီးတိန်ကို ကားခ အတက်ဘက် ကျပ်ခြောက်သောင်း၊ အဆင်း ကျပ် ငါးသောင်းခွဲ ဝန်းကျင်နဲ့ ယာဉ်လိုင်းတွေ က ပြေးဆွဲ လာကြတယ်။ ယာဉ်လိုင်း တစ်ခု နှင့် တစ်ခု ကွာရင်လည်း ငါးထောင် ဝန်းကျင် လောက် ဖြစ်လာပါပြီ။ ကားခတွေ ကျလာခဲ့ ပေမယ့် ဂိတ်ကြေးတွေကတော့ ကျမလာသေးဘူး” လို့ တီးတိန် ယာဉ်လိုင်း နှင့် နီးစပ်သူ တစ်ဦးမှ Chin World Media ကို ပြောပြပါတယ်။
ခရီးသည်တင် အံစာတုံးကား တစ်စီးကို ရှစ်မိုင်ဂိတ် ခေါ် ကလေး တက္ကသိုလ်မုခ်ဦး ရှေ့ရှိ စစ်ကောင်စီ ဂိတ်က အတက်ခရီး အတွက် ဂိတ်ကြေး ကျပ် ရှစ်သောင်း ခန့်၊ အဆင်းဘက်တွင် ခရီးသည် အနည်းအများကို လိုက်ပြီး ကျပ် ခုနစ်သောင်းခန့် တောင်းလေ့ ရှိကြောင်း၊ ခိုင်ကမ်း ရဲစခန်းဂိတ် ကနေ ကားတစ်စီး ကို ပုံမှန် ကျပ် လေးသောင်း တောင်းလေ့ ရှိကြောင်း၊ သိုင်းငင်းရွာ ရှိ ဒေသကာကွယ်ရေး တပ် ဂိတ်မှာ အတက်ခရီး အတွက် အနည်းဆုံး ကျပ် သုံးသောင်း၊ အဆင်း ခရီးကို ခရီးသည် မရရှိပါက အနည်းဆုံး ကျပ် ငါးထောင် တောင်းလေ့ ရှိကြောင်း ဆက်လက် သိရှိခဲ့ ရပါတယ်။
“၆ ဘီး အထက် ကုန်တင်ကားတွေ ကတော့ နေကြာတိုက်ကနေ ဂိတ်ကြေး ကျပ် ၃ သိန်း၊ တက္ကသိုလ် မုခ်ဦး ခေါ်တဲ့ ၈မိုင် ဂိတ်ကနေ ကျပ် ၆ သိန်း၊ ကိုးမိုင် ခေါ် ခိုင်ကမ်းမြို့ ရဲစခန်း ကန ကျပ် ၄သိန်း စသဖြင့် ပေးရတယ်။ ကြားထဲမှာ တစ်သိန်း နှစ်သိန်း စသဖြင့် ပေးရတာ ရှိတယ်။ တောင်ပေါ် တက်နိုင်ဖို့ အနည်းဆုံး ပုံမှန် ကျပ် ၁၄ သိန်း ကုန်တယ်။ ဂိတ်နဲ့ တွဲတဲ့ ကုန်တင်ကားတွေက ၁၂ သိန်း လောက် ကုန်ကြတယ်” လို့ ကလေးမြို့နေ ကုန်တင်ယာဉ်မောင်း တစ်ဦး က ပြောကြားခဲ့ ပါတယ်။
ကလေး-ရိဒ် ကုန်တင်ကား (၁၂ ဘီး) တွေက မြစ်ရေ ကျနေပြီ ဖြစ်သဖြင့် မံဆောင်း တံတားအောက် ကနေ မဏိပူရမြစ်ကို ဖြတ်ကူး နိုင်ခဲ့ပြီ ဖြစ်သော်လည်း ဟိုင်မွာလ်ဂျစ်ကား နှင့် ခရီးသည်တင်ကား တွေ အနေနဲ့ မြစ်ကို ဖြတ်ကူး နိုင်ခြင်း မရှိသည့် အတွက် နဂိုကွင်းလမ်းများ အတိုင်း သွားနေရကြောင်း၊ ခရီးသည်တွေ အနေနှင့် ကားခ နှစ်သိန်း ပေးခဲ့ရကြောင်း ရိဒ်ခေါ်ဒါရ်မြို့ ကို ပြေးဆွဲနေသည့် ကုန်တင် ယာဉ်မောင်း တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။
“ကလေး-တွန်းဇံ ကိုတော့ ယာဉ်လိုင်း နှစ်ခုက စတင်ပြေးဆွဲ နေပါပြီ။ ရက်ခြား နဲ့ ပုံမှန် ပြေးဆွဲ နေပါတယ်။ အတက်ခရီးကို ကားခ တစ်ယောက် ကျပ် တစ်သိန်းခွဲ ပေးရပါတယ်။ အဆင်း ခရီးကို တော့ ကျပ်တစ်သိန်း သုံးသောင်း ရှိပါတယ်။ ကားရှိမယ့် ရက်ကိုတော့ ကားဂိတ်တွေမှာ ကြိုတင် စုံစမ်းထားခဲ့ရတယ်” လို့ တွန်းဇံ မြို့နေ ပြည်သူ တစ်ဦးက Chin World Media ကို ပြောကြားခဲ့ ပါတယ်။
ကလေး-ဟားခါး ပြေးဆွဲသည့် ယာဉ်လိုင်းများ အနေဖြင့် ကလေး-တီးတိန်-ရိဒ်- ဖလမ်း(ရိဒ်လမ်းခွဲ)-ဟားခါး လမ်းကို လိုက်ပြီး ဖလမ်းမြို့ကို ရှောင်ကွင်း သွားခဲ့ရကာ ကားခ ကျပ် သုံးသိန်း ပေးခဲ့ရတယ် လို့လည်း ကလေးမြို့ခံများ ထံမှ သိရှိခဲ့ရ ပါတယ်။
၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် တီးတိန်မြို့တွင်း တိုက်ပွဲအပြီးမှာ ကလေး-တီးတိန် ကားခ ကျပ် ရှစ်သောင်းကျော် ရှိရာမှ နှစ်ကုန်ပိုင်းတွင်း ကားခ တဖြည်းဖြည်း ကျဆင်း လာကာ လက်ရှိမှာ ခရီးသည် ၁ ဦး ကျပ် ၆သောင်း ခန့်သာ ကောက်ခံလာတယ်လို့လည်း သိရှိခဲ့ ရပါတယ်။