Headlines

မဏိပူရ်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို တောင်ပေါ်၊ မြေပြန့်ခွဲခြားမှုမရှိပဲ ဆောင်ရွက်သွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်ကတိပြု

ဇန်နဝါရီလ ၂၂ ရက်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်းနေထိုင်သူများအတွက် လူမှုဘ၀ဖွံ့ဖြိုးတိုးရေး စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာမှာ တောင်တန်းဒေသနေထိုင်သူများနဲ့ မြေပြန့်တွင်နေထိုင်သူများအကြား ခွဲခြားမှုမရှိပဲ ဘက်စုံဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Singh က ပြောကြားတယ်လို့ Northeast Today Media မှာဖော်ပြပါတယ်။

မဏိပူရ်ပြည်နယ်၊ တောင်ပေါ်ဒေသဖြစ်တဲ့ Kamjong ခရိုင်၊ Riha ရွာမှာ လက်ရှိကျင်းပနေတဲ့ အားကစားပွဲတစ်ခုမှာ ဝန်ကြီးချုပ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရအနေနဲ့ စည်းလုံးညီညွတ်မှုနဲ့ အပြန်အလှန်လေးစားမှုကို မြှင့်တင်ရန် အထူးအာရုံစိုက်လျက်ရှိတယ်လို့ ဒေသခံများကိုပြောကြားခဲ့ပါတယ်။

အထူးသဖြင့် ၂၀၂၃ ခုနှစ်ကစတင် ဖြစ်ပွားခဲ့တဲ့ ပြည်နယ်တွင်း ကသည်းလူမျိုးစုများနဲ့ ဇို-ကူကီးလူမျိုးစုများအကြားပဋိပက္ခဖြစ်စဉ်များကြောင့် လူရာချီသေဆုံး၊ ပျက်ဆီးမှုများကိုလည်း မီးမောင်းထိုးအလေးပေးပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်က “ အခု BJP ဦးဆောင်တဲ့ အစိုးရအနေနဲ့ အားလုံးအကျုံးဝင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး တောင်တန်း နဲ့ မြေပြန့်ချိုင့်ဝှမ်းရှိခရိုင်များအားလုံးအတွက် တူညီတဲ့ အာရုံစိုက်မှုရှိတယ်” လို့ပြောကြားပါတယ်။

ဝန်ကြီးချုပ်က လက်ရှိတောင်တန်းဒေသခရိုင်များအတွင်း ဆောင်ရွက်လျက်ရှိတဲ့ စီမံကိန်းလုပ်ငန်းများကိုပြောကြားခဲ့ပြီး အစိုးရရုံးအဆောက်အဦးများပြီးစီးမှု၊ လျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းလုပ်ငန်းဆောက်လုပ်မှုအခြေအနေနဲ့ မဂ္ဂလန်မြစ်ကူးတံတားတည်ဆောက်မှုတို့ကိုရှင်းပြခဲ့ပြီး တောင်တန်းဒေသရှိ Kamjong ခရိုင်တွင် ခရိုင်သယ်ယူပို့ဆောင်ရေးရုံး (DTO) ကိုလည်း မကြာမီ ဖွင့်လှစ်ပေးနိုင်မှာဖြစ်တယ်လို့ ပြောကြားပါတယ်။

ထို့အပြင် တောင်တန်းခရိုင်ရှိမြို့အချို့တွင် ဘောလုံးကွင်းတည်ဆောက်မှု၊ ကောလိပ်ကျောင်းများအဆင့်မြှင့်တင်မှုများအတွက် ရူပီးငွေ ကုဋေ ၇၀ ခန့်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေရှားပါးမှုကို ဖြေရှင်းရန် ရူပီး ၆ ကုဋေဖြင့် ဆည်တည်ဆောက်လျက်ရှိကြောင်းပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *