
သြဂုတ်လ ၁၃ ရက်။
ချင်း – မကွေးအစပ် ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှိကျေးရွာအနီးမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Chinland Defense Force – Kalay – Gangaw (CDF – KKG) တပ်ရင်း (၆) ဥက္ကဌ အပါအဝင် ရဲဘော် ၃ ဦး လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် တရားမျှတမှု ရရှိနိုင်ရေးအစွမ်းကုန် ကြိုးစားသွားမယ်လို့ မကွေးတော်လှန်ရေး အင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မကွေးဖက်ဒရယ်ယူနစ်မှ ဝန်ကြီးချုပ် ရဲထွန်းဇော်က ပြောဆိုထားပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF – KKG တပ်ရင်း (၆) ဥက္ကဌ ရဲဘော်ဘဖြိုး၊ ရဲဘော်မဲကြီးနဲ့ အခြားရဲဘော် ၁ ဦးတို့ဟာ ချင်း – မကွေးအစပ် ၊ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှိကျေးရွာ ရာဇမုနိဘုန်းကြီး ကျောင်းကုန်းအနီးတွင် မနေ့သြဂုတ်လ ၁၂ ရက်နေ့ ည ၁၁ နာရီ ၁၁ မိနစ် ဝန်းကျင်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
မကွေးတော်လှန်ရေး အင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မကွေးဖက်ဒရယ်ယူနစ်မှ ဝန်ကြီးချုပ် ရဲထွန်းဇော်က “မကွေးဖက်ဒရယ်ယူနစ်အတွင်းက တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေတွေမှာ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ ရည်ရွယ်ချက်မရှိဘဲ ဖြစ်ခဲ့သည်ဖြစ်စေ ဘုံရည်မှန်းချက်တူတဲ့ တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းကြား လက်နက်အားကိုး အကြမ်းဖက်သတ်ဖြတ်ခြင်းကို ကျနော်အနေနဲ့ လုံးဝလက်မခံ ၊ဒီတော်လှန်ရေးကာလအတွင်းမှာပဲ နစ်နာသူ၊ နစ်နာသူမိသားစုတွေ အဖွဲ့အစည်းတွေအတွက် တရားမျှတမှု ရရှိနိုင်ရေးအတွက် ကျနော်အစွမ်းကုန်ကြိုးစားပါ့မယ်” လို့ ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် ရေးသားဖော်ပြထားပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF – KKG တပ်ရင်း (၆) ဥက္ကဌ အပါအဝင် ရဲဘော် ၃ ဦး တို့ကို လုပ်ကြံသတ်ဖြတ်ခဲ့သူတွေဟာ Black Dragon Force တပ်ဖွဲ့ကလို့ သတင်းတချို့ ထွက်ပေါ်နေပြီး လက်ရှိမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သတင်းဌာနအချို့မှာ ဖော်ပြထားတာတွေ့ရပေမယ့် အတည်ပြုလို့မရသေးပါဘူး။
ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF – KKG အဖွဲ့ဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်ဒေသတွေမှာ စစ်ရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

