
ဩဂုတ်လ ၁၂ ရက်။
တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်မှာ ကျေးရွာတွေမှာ စစ်ရှောင်နေရသူတွေလည်း စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာတောတောင်တွေထဲ လူဦးရေ ၁ ထောင်ကျော်ခန့်ဟာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။
လက်ရှိ တောတောင်တွေထဲ စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာ ၊ ဆေးဝါး အခက်အခဲ မျိုးဆုံ ကြုံနေကြရတယ်လို့လည်း စစ်ရှောင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်ရှောင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက “အစက နီးစပ်ရာ ရွာတွေမှာ ရှောင်ပြီးနေကြတယ် စစ်ကောင်စီက ရွာတွေကိုလည်း လေယာဉ်တွေနဲ့ ထပ်ပစ်တာတွေရှိတော့ ရွာကနေတဆင့် နီးစပ်ရာတောတောင်တွေထဲ ရှောင်နေကြရတဲ့ အနေထားမျိုးပါ ဒုက္ခတော့ တော်တော်ရောက်ကြတယ် အဓိကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါး ကုသမှုအပိုင်းမှာ အခက်ခဲတော်တော်ကြုံနေကြရတယ် လက်ရှိ ကလေး လူကြီးအပါအဝင် ၁ ထောင်ကျော်လောက်က တောတောင်တွေထဲ စစ်ရှောင်နေရတယ်” လို့ပြောပါတယ်။
သြဂုတ်လ ၉ ရက်နေ့ကလည်း မကွေးတိုင်း၊ ဆောမြို့နယ် ဘက်ကို စစ်ရှောင်နေကြရတဲ့ ကန်ပက်လက်မြို့နယ်က ငံှလောင်းရွာ အသက် ၃ လသားအရွယ် ရှိ ကလေးတစ်ဦးဟာ ကျန်းမာရေးချို့တဲ့မှုကြောင့် ကွယ်လွန်ခဲ့ရတယ်လို့လည်း ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အလားတူ မင်းတပ်မြို့နယ်မှာလည်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်အရေတွက်ဟာ ၁၇,၀၀၀ ခန့် ရှိတယ်လို့လည်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှု ကော်မတီရဲ့ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
အရင်မင်းတပ်မြို့သိမ်းတိုက်ပွဲအပါအဝင် မကြာခဏဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကာလရှည်ကြာ စစ်ဘေးရှောင်ခဲ့ရတဲ့ မင်းတပ်မြို့နယ်က စစ်ရှောင်ဦးရေဟာ ၁သောင်းခန့် ရှိပြီး လတ်တလော တိုက်ပွဲတွေကြောင့် နောက်ထပ် လူဦးရေ ၇ ထောင်ခန့်ဟာ ထပ်မံ တိမ်းရှောင်ခဲ့ရတာလို့လည်း သိရပါတယ်။
စစ်ကောင်စီဟာ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တို့ကို စစ်အင်အားထောင်ချီသုံးပြီး မြေပြင်ကနေ ထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်း အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်တာ အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်တာတွေကြောင့် ဒေသခံအရပ်သားအမြောက်အများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလို့လည်း သိရပါတယ်။

