
ဩဂုတ်လ ၁၅ ရက်။
တရုတ်နိုင်ငံရဲ့သတိပေးမှုနဲ့ မှားယွင်းသည့် သွန်သင်မှုမျိုးရှိလို့ ဝ ဒေသမှာ ခရစ်ယာန်ဘုရားကျောင်းတချို့ကိုယာယီပိတ်ပင်တာဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့အင်အားအကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့”ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် – UWSA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက သူ့ရဲ့ Facebook စာမျက်နှာမှာ ဖြေရှင်းထားပါတယ်။
UWSA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက “ခုရက်ပိုင်း၌မိမိတို့”ဝ”ပြည်နယ် အတွင်း ခရစ္စယာန် ဘုရားကျောင်းအချို့ယာယီပိတ်သိမ်းမှု နှင့်ပါတ်သက်ပြီး မီဒီယာမိတ်ဆွေများအတော် စိတ်ဝင်စား ဖုန်းဆက် message ပို့ မေးလာမှုနှင့်ပါတ်သက်ပြီး
၁။ မိမိတို့”ဝ”ပြည်နယ် အတွင်း၌ စည်းကမ်းရှိသည့် ဘာသာရေးလွပ်လပ်ခွင့် ဥပဒေပြု ပြဌာန်းထားရှိပါသည်။
၂။ တဖက်နိုင်ငံ၏သတိပေးလာမှုနှင့်
“ဝ”ပြည်၌ အစွန်းရောက်သည့်ဘာသာရေး စည်းရုံးလှုံ့ ဆော်သူအချို့စိပ့်ဝင်နေကြောင်း
ဖျားနာလျှင် ဆေးသောက် /အလုပ် လုပ်စရာမလို ဘုရားမှကောင်းစေမည်ဆိုပြီး မှားယွင်းသည့် သွန်သင်မှုမျိုးရှိလို့ခရစ်ယာန်ဘုရားကျောင်းတချို့ကိုယာယီပိတ်ပင်တာဖြစ်။
၃။ “ဝ”ပြည်ပြင်ပမှ တရားမဝင် ဝင်ရောက်ပြီး ဟောပြောစည်းရုံးခြင်းခွင့်မပြုထားခြင်း။
၄။ ဘုရား ကျောင်းအချို့ယာယီပိတ်သိမ်းထားမှု မှန်ကန်ပြီး အစွန်းရောက်သည့်ဘာသာရေးနှင့်ကင်းရှင်းမှုရှိမည်ဆိုပါက ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်းသိရပါသည်။ လို့ ရေးသားထားပါတယ်။
မြန်မာနိုင်ငံရဲ့အင်အားအကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့”ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ထားတဲ့ နယ်မြေ ပန်ဆန်း၊ နားဝီး၊ မိုင်းပေါက်နဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသက ခရစ်ယာန်ဘုရားကျောင်း အားလုံးနီးပါးကို “ဝ” တပ်က ယာယီပိတ်သိမ်းလိုက်တယ်လို့ ဝ နယ်သတင်းတွေအဓိကဖော်ပြတဲ့ Wa News Land မှာဖော်ပြထားပါတယ်။
လတ်တလော နာမည်ကြီးနေတဲ့ ခရစ်ယာန်အမည်ခံ တရုတ်ဂိုဏ်း ဒေသအခေါ် “ယေရှု့တရုတ်မ” အဖွဲ့တွေ ဝင်ရောက်လာတဲ့သတင်းကြောင့် ဘုရားကျောင်းတွေ ယာယီပိတ်သိမ်းလိုက်တာဖြစ်ပြီး အဲ့ဒီဂိုဏ်းအဖွဲ့နဲ့ပတ်သက်ဆက်နွယ်နေသူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Wa News Land မှာဖော်ပြထားပါတယ်။
သတင်းမှတ်တမ်းတွေအရ “ဝ” တပ် – UWSA ထိန်းချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ ၂၀၁၈ – ၂၀၁၉ ဝန်းကျင်လောက်ကလည်း အလားတူ ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေ ပိတ်သိမ်းတာ၊ ကိုးကွယ်ခွင့်တွေ တားမြစ်တာ၊ ခရစ်ယာန် ဓမ္မဆရာတွေ ဖမ်းဆီးထောင်ချတာ၊ အရေးယူတာတွေ ပြုလုပ်ခဲ့ပါတယ်။
Photo – ၂၀၁၈ ခုနှစ်၊ UWSA မှ ခရစ်ယာန်ဘုရားကျောင်းတစ်ခုအား ချိတ်ပိတ်ထားစဥ်

