Headlines

ကလေး – တမူးလမ်းကြောင်းကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီထုတ်ပြန်

သြဂုတ်လ ၁ ရက်။

အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ရဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ၂ နှစ်ကျော် ထိန်းချုပ်လာတဲ့ အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးလမ်းကို ဇူလိုင်လ ၃၁ ရက်နေ့မှာ အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့မှာထုတ်ပြန်ပါတယ်။

အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး – တမူးလမ်းကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဘက်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကစလို့ တမူး နဲ့ ကလေးမြို့ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းဖြင့် နှစ်ဖက်ညှပ်ပြီး မြေပြင်သာလွန်အင်အားအပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးတိုက်ခိုက်လာလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ နှစ်အတော်တန်အကြာ ထိန်းချုပ်ထားတဲ့ ကလေး- တမူး လမ်းကြောင်းပေါ်က ခမ်းပတ်မြို့၊ ကနန်ကျေးရွာနဲ့ အနီးဝန်းကျင်က ဒေသတွေကို ပြန်လက်လွတ်ခဲ့ရပြီး ရက်ပိုင်းအတွင်းမှာဘဲ စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ကလေး – တမူးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲကြီး/ ငယ် စုစုပေါင်း ၇၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်တဲ့နေရာတွေမှာ ဒေသခံပြည်သူတွေ အမြန်ဆုံးပြန်လည်ဝင်ရောက်နေ ထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေသလို ၊ မိုင်းရှင်းလင်းပေးခြင်းစတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆာင်ရွက်လျက်ရှိတယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *