

ဇွန်လ ၃၀ ရက်။
သမိုင်းဝင် အိန္ဒိယဗဟိုအစိုးရနဲ့ မီဇိုရမ်ငြိမ်းချမ်းရေးသဘောတူညီချက် (Mizoram Peace Accord) ချုပ်ဆိုခဲ့သည့် နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပြည်နယ်သူပြည်နယ်သားများအနေဖြင့် စည်းလုံးညီညွတ်မှု၊ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုသဟဇာတဖြစ်မှုများမှတစ်ဆင့် ခက်ခက်ခဲခဲ ရယူထားရသည့် ငြိမ်းချမ်းရေးအမွေအနှစ်ကို ပိုမိုခိုင်မာအောင် ဝိုင်းဝန်းလုပ်ဆောင်ကြရန်
ပြည်နယ်အုပ်ချုပ်ရေးမှုးVijay Kumar Singh နှင့် ဝန်ကြီးချုပ် Pu Lalduhoma တို့က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုသဟဇာတဖြစ်မှုနှင့် အနာဂတ်တိုးတက်ပြောင်းလဲမှု အားလုံးသည် အဆိုပါ ငြိမ်းချမ်းရေးအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်မှုပေါ်တွင်သာ မတည်နေဘူးလို့လည်း သူတို့က ပြောဆိုလိုက်ပါတယ်။
ငြိမ်းချမ်းရေးသဘောတူညီချက်နေ့ (Remna Ni) အကြိုနေ့ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ပြည်နယ်ခေါင်းဆောင်နှစ်ဦးစလုံးက ၁၉၈၆ ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက် ပေါ်ပေါက်လာအောင် ပုံဖော်ပေးခဲ့ကြသူများနှင့် မီဇိုရမ်ပြည်နယ်အတွက် အသက်ပေးလှူသွားခဲ့ကြသူ အားလုံးကို အလေးအမြတ်ပြု ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
၁၉၈၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က မီဇိုရမ်ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် လက်နက်ကိုင်ပုန်ကန်မှုများကို အဆုံးသတ်စေခဲ့ကာ ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်ရေးခေတ်ဦးကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည့် သမိုင်းဝင် အလှည့်အပြောင်းကာလတစ်ခု ဖြစ်ခဲ့တယ်လို့ အုပ်ချုပ်ရးမှူး Singh က ဆိုပါတယ်။
၎င်းအပြင် ငြိမ်းချမ်းရေးဟာ မီဇိုရမ်၏ “တန်ဖိုးမဖြတ်နိုင်သည့် လက်ဆောင်” ဖြစ်တာကြောင့် ပြည်နယ်၏ ခိုင်မာသည့် လူမှုအဆောက်အအုံကို ကာကွယ်ရန်နှင့် အနာဂတ်တိုးတက်မှုများကို ငြိမ်းချမ်းရေးက ဆက်လက်မောင်းနှင်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် စည်းလုံးညီညွတ်စွာ တက်ကြွစွာ စောင့်ရှောက်ကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
အလားတူ ဝဘ်ဆိုက်ကတစ်ဆင့် ဝန်ကြီးချုပ် Pu Lalduhoma ကလည်း မီဇိုရမ်ပြည်သူများနှင့် ကမ္ဘာအနှံ့တွင်ရှိသည့် ဇို (Zo) မျိုးနွယ်စုဝင်များ အားလုံးကို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းရေးသဘောတူညီချက် မချုပ်ဆိုနိုင်ခင်က ဆယ်စုနှစ်နှစ်ခုစာ ကြုံတွေ့ခဲ့ရသည့် လက်နက်ကိုင်ပုန်ကန်မှုများကြောင့် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုဟာ အကြီးအကျယ် ရပ်တန့်နေခဲ့ရတာဖြစ်ပြီး ငြိမ်းချမ်းရေးရရှိပြီးနောက်ပိုင်းတွင်မှ မီဇိုရမ်ဟာ စာတတ်မြောက်မှုနှုန်း ၁၀၀ ရာခိုင်နှုန်း ပြည့်မီခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (SDGs) အကောင်အထည်ဖော်မှုတွင် အရှေ့မြောက်ဒေသအတွင်း အကောင်းဆုံးစွမ်းဆောင်နိုင်သည့် ပြည်နယ်တစ်ခု ဖြစ်လာခဲ့သလို၊ လူနေမှုဘဝနှင့် စိတ်ချမ်းမြေ့မှုအပိုင်းတွင်လည်း နိုင်ငံအတွင်း အပျော်ရွှင်ဆုံး ပြည်နယ်တစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရတယ်လို့ Pu Lalduhoma က ရှင်းပြခဲ့ပါတယ်။
ဝန်ကြီးချုပ်က လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများဖြစ်သည့် သေန်ဇောလ် (Thenzawl) အထိ ထပ်မံတိုးချဲ့ရန် လျာထားသည့် ဆိုင်းရန်း (Sairang) မီးရထားလမ်း တိုးချဲ့မှု စီမံကိန်း၊ ဗိုင်းရန်းတဲ-ဆိုင်းရန်း (Vairengte-Sairang) လေးလမ်းသွား အမျိုးသားအဝေးပြေးလမ်းမကြီး တည်ဆောက်မှုနှင့် ပြည်နယ်အနှံ့က အမျိုးသားအဝေးပြေးလမ်းမကြီး စီမံကိန်းအမြောက်အမြားကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး၊ ၁၉၈၆ ခုနှစ် သဘောတူညီချက်ကြောင့် ရရှိလာသည့် အေးချမ်းသည့် ပတ်ဝန်းကျင်ဟာ နောင်လာမည့် နှစ်များတွင်လည်း အသွင်ကူးပြောင်းရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များအတွက် ဆက်လက်လမ်းခင်းပေးသွားမှာ ဖြစ်တယ်လို့ လေးနက်စွာ ပြောကြားသွားခဲ့ပါတယ်။

